သင်္ကြန် ၁၀ ရက်ပိတ်ပေးရန် လှိုင်သာယာ Adidas အထည်ချုပ်စက်ရုံအလုပ်သမားများ ဆန္ဒပြ
DVB
·
April 5, 2017
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၁ မှာရှိတဲ့ Adidas အထည်တွေကိုချုပ်တဲ့ ထောင်းထိုင်းတက်(စ်)အထည်ချုပ်စက်ရုံက အလုပ်သမား ၃၀၀ ကျော်ဟာ သင်္ကြန်ရုံးပိတ်ရက်ကို အလုပ်ရှင်က ၅ ရက်သာတရားဝင် သတ်မှတ်ပေးတာကြောင့် ဆန္ဒပြခဲ့ကြပါတယ်။
အလုပ်ရှင်ဘက်က သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက်ပေးပေမယ့် လုပ်သက်ခွင့်နဲ့ အခြားခွင့်ရက်တွေကနေ အစားထိုးခွင့် ၅ ရက်ဖြတ်တောက်တဲ့အတွက် ပြက္ခဒိန်မှာပါတဲ့ ရုံးပိတ်ရက်အတိုင်း ပိတ်ပေးဖို့ ဧပြီလ ၃ ရက်နေ့ကစပြီး ဆန္ဒပြခဲ့တာပါ။
အဲဒီစက်ရုံမှာ လုပ်သက် ၄ နှစ်ခန့်ရှိသူတွေတောင် အနိမ့်ဆုံးလုပ်ခလစာ ၃၆၀၀ ကျပ်ပဲရရှိတဲ့တွက် အလုပ်သမားတွေကို ကျွမ်းကျင်ကြေး တနှစ်တသောင်းပေးဖို့၊ အလုပ်သမားတဦး အလုပ်မဆင်းရင် တခြားသူတွေဆီကနေ လစာငွေဖြတ်တောက်ခြင်း မလုပ်ဖို့၊ လုပ်သက်နှစ်အလိုက် လုပ်သက်ခံစားခွင့် ငွေတသောင်းပေးဖို့၊ ထောက်ပံ့ကြေးငွေ တသောင်းခွဲပေးဖို့၊ အလုပ်သမားတွေအတွက် အကြိုအပို့ကား စီစဉ်ပေးဖို့၊ လုပ်ငန်းခွင်အတွင်း စကားပြန်ထားပေးဖို့ စတဲ့အချက်၁၆ ချက်ကို အလုပ်သမားတွေက တောင်းဆိုထားပါတယ်။