Home
မြန်မာသတင်း
စည်းကမ်းနှင့်ညီညွတ်သည့် ပုဂ္ဂလိကရေနံချက်ဖိုများကို လိုင်စင်ချပေး
DVB
·
April 5, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာရှိ ပုဂ္ဂလိက ရေနံချက်ဖိုတွေကို စွမ်းအင်ဝန်ကြီးဌာနက လိုက်လံစစ်ဆေးပြီး စည်းကမ်းနဲ့ကိုက်ညီတဲ့ ရေနံချက်ဖိုတွေကို တရားဝင် လုပ်ငန်းလိုင်စင်တွေ ထုတ်ပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ နှစ်ကုန်ပိုင်းကလည်း ၁၂၆ ဦးကို ယာယီလုပ်ငန်းလိုင်စင်တွေ ထုတ်ပေးခဲ့ပါသေးတယ်။ ၂၀၁၇  ဧပြီလ အစောပိုင်းမှာတော့ လုပ်ငန်းရှင် ၁၁၁ ဦးကို ၁ နှစ်သက်တမ်းရှိတဲ့ အမြဲတမ်းလုပ်ငန်းလိုင်စင်တွေကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လာရောက်ပေးအပ်ခဲ့တာပါ။ ရေနံချက်လုပ်ငန်း လုပ်ကိုင်သူတဦးက “ဒီလို တရားဝင်လုပ်ငန်းလိုင်စင်ချပေးတော့ ဖမ်းမှာဆီးမှာ မကြောက်ရတော့ဘူးပေါ့။ ဒါမှမဟုတ်ရင် ဘယ်အချိန်လာစစ်မလဲ၊ ဖမ်းမလဲဆိုတာ စိတ်ပူနေရတာ။ ခုတော့ စိတ်အေးရပြီ။ ဒီလို လိုင်စင်ချပေးတဲ့အတွက် ချက်ဆီဈေးကွက်တော့ အပြောင်းအလဲ မရှိနိုင်ပါဘူး။ ခုက ချက်ဖိုတွေ အဓိကအားထားနေရတဲ့ အထက်ပိုင်း ရွှေမျောတွေကလည်း ပိတ်ပြီဆိုတော့ အရင်ကလောက်တော့ အလုပ်မဖြစ်တော့ဘူးပေါ့။ လည်ပတ်နိုင်တယ် ဆိုရုံပါပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။ ရေနံချက်ဖိုတွေအတွက် ကုန်ကြမ်းရေနံစိမ်းကို မကွေးတိုင်းက အဓိကရတာဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းက ထွက်တဲ့ ရေနံစိမ်းက အရင်ကလောက် အဝင်မများတော့ဘူးလို့ သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ ကနီ၊ ကလေး၊ ကျွန်းလှ၊ ပုလဲ စတဲ့ဒေသတွေမှာ ရေနံစိမ်းတွေ ထွက်ရှိပါတယ်။ ရေနံချက်ဆီအမျိုးအစား ၂ မျိုးရှိပြီး ဝါရှယ် ၁ ပေပါကို ၁၂ ကျော်ရှိကာ အောက်စ ၁ ပေပါကို ၁ သိန်းကျေ်ရှိတယ်လို့ သိရပါတယ်။ ချက်ဆီတွေကို တလုံးထိုးအင်ဂျင်တွေ၊ ထော်လာဂျီတွေ၊ အိမ်တွင်း အသေးစားစက်မှုလုပ်ငန်းတွေမှာ အများဆုံး အသုံးပြုကြပါတယ်။ တရားဝင်လုပ်ငန်းလိုင်စင်တွေ ထုတ်ပေးလာတဲ့အတွက် လုပ်ငန်းခိုင်မာလာတာ မှန်ပေမယ့် ဈေးကွက်အနေအထားကတော့ လုပ်ငန်းရှင်တွေအတွက် အကျိုးအမြတ် နည်းပါးတယ်လို့ သိရပါတယ်။ ရေနံချက်ဖိုတွေ တရားဝင်လုပ်ငန်းလိုင်စင်ရရှိဖို့ သက်ဆိုင်ရာကို လျှောက်ထားခဲ့တာ ကြာခဲ့ပြီလို့လည်း သိရပါတယ်။ သတင်း - အောင်ကိုလတ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024