အစိုးရသစ်လက်ထက် ကာကွယ်ရေးဘတ်ဂျက် ပိုတိုးရဟု စစ်တမ်းတွင်ဖော်ပြ
DVB
·
April 2, 2017
အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ကာကွယ်ရေးဘတ်ဂျက်ကို စိစစ်လျှော့ချခြင်းမရှိဘဲ ပိုတိုးပေးခဲ့တယ်လို့ တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ရဲ့ စစ်တမ်းတရပ်က ဖော်ပြလိုက်ပါတယ်။
တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့နှင့် မြန်မာ့မဟာဗျူဟာလေ့လာရေးစင်တာတို့ ပူးပေါင်းထုတ်ဝေတဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို လေ့လာတဲ့ စာတမ်းမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
“၂၀၁၇-၁၈ ဘဏာရေးနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သော လွှတ်တော်အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တင်သွင်းသော ကာကွယ်ရေးဘတ်ဂျက်ကို စိစစ်ရွေ လျှော့ချမှုများ ပြုလုပ်နိုင်သည်ဟု ခန့်မှန်းခဲ့ကြသော်လည်း လက်တွေ့တွင်မူ အဆိုပါခန့်မှန်းမှုများအတိုင်း ဖြစ်လာခဲ့ခြင်း မရှိပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက်တွင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးဘတ်ဂျက်ကို ဦးသိန်းစိန်အစိုးရ သတ်မှတ်ထားခဲ့သည့် ပမာဏထက် တိုးပေးခဲ့သလို ဒီဇင်ဘာလတွင်လည်း နောက်တိုးထပ်မံတောင်းခံငွေကို အတည်ပြုခဲ့သည်။ ယခုအခါတွင်လည်း ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးဘတ်ဂျက်ကို တင်ပြလာသည့်အတိုင်း အနည်းငယ်သာစိစစ်၍ အတည်ပြုပေးခဲ့သည်ကို လေ့လာ တွေ့ရှိခဲ့ရသည်။”
၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနက သာမန်အသုံးစရိတ်အတွက် ကျပ်သန်း ၁၆၅၅.၄၃၆ တင်ပြတောင်းခံခဲ့ပြီး လွှတ်တော်က ၁ ဘီလီယံပဲ စိစစ်လျှော့ချကာ ၁၆၅၄.၄၃၆ ဘီလီယံ ခွင့်ပြုခဲ့ပါတယ်။
ငွေလုံးငွေရင်း အသုံးစရိတ်အတွက် ကျပ် ၁၂၅၀.၈၆၅ ဘီလီယံ တင်ပြတောင်းခံခဲ့ပြီး လုံးဝ အဖြတ်အတောက်မရှိဘဲ ခွင့်ပြုခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ ငွေလုံးငွေရင်း အသုံးစရိတ်ထဲမှာ စက်ပစ္စည်း အသုံးစရိတ်ကို ကျပ်ဘီလီယံ ၁၀၀၀ ကျော် သတ်မှတ်ထားတယ်လို့ တကောင်းစာတမ်းမှာ ဖော်ပြထားပြီး ဒီထဲ စစ်လက်နက်ဝယ်ယူဖို့ ပါဝင်ပါတယ်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် စီမံဘဏ္ဍာဝန်ကြီးဌာနက ဘတ်ဂျက်အများဆုံးရရှိပြီး သူ့နောက်မှာ လျှပ်စစ်နဲ့စွမ်းအင်၊ကာကွယ်ရေး၊ ပညာရေးတို့ အစဉ်လိုက် ရရှိခဲ့ကြပါတယ်။