Home
မြန်မာသတင်း
၈၈ ကျောင်းသားမျိုးဆက်များ စုဖွဲ့ပြီး ပါတီထူထောင်ရန် တွေ့ဆုံဆွေးနွေး
အောင်သူ
·
March 31, 2017
၈၈ ကျောင်းသားမျိုးဆက်တွေ စုဖွဲ့ပြီး ပါတီဖွဲ့စည်းဖို့ အခြေခံအချက်အလက်တွေ ဆွေးနွေးနေပါတယ်။ ၈၈ ကျောင်းသားမျိုးဆက်တွေဟာ ပါတီ ထူထောင်ဖို့ တွေ့ဆုံဆွေးနွေးပွဲတခုကို မတ်လ ၃၀ ရက်နေ့က ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။ ပါတီသစ် ထူထောင်ပြီးရင် လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ “ဦးတို့ရဲ့ မူရင်းတားဂတ်က ၂၀၂၀ မှာ ဝင်ပြိုင်မှာ။ ဒါ ဦးတို့ရဲ့ အဓိကရည်မှန်းချက်က ၂၀၂၀ ရွေးကောက်ပွဲကို ဦးတည်တယ်။ ဒါပေမယ့် ပါတီတည်ဆောက်ရေးကာလကတော့ ပါတီပြင်ဆင်ရေးရယ်၊ နောက်ပြီးတော့ ဖွဲ့စည်းရေးရယ်၊ မှတ်ပုံတင်ရေးရယ်။ အဲဒါကို ၂၀၁၇ တနှစ်လုံး ဦးတို့က အချိန်တခုယူမယ်။ အားလုံး ကျေကျေနပ်နပ် ပါဝင်နိုင်အောင်နဲ့ တကယ့် စနစ်ကျတဲ့ ပါတီတရပ် ဖြစ်ပေါ်လာဖို့ ကြိုးစားရမယ်။ မှတ်ပုံတင်ပြီးတော့ မှတ်ပုံတင်ကျလာမှာ တကယ့်ပါတီ တရားဝင် ဦးတို့က လုပ်ဆောင်မယ်။ အဲဒီတော့ ကြားကာလက ၂၀၁၈၊ ၂၀၁၉၊ နှစ်နှစ်လောက်တော့ ဦးတို့က ပါတီတည်ဆောက်ရေးကာလ၊ စည်းရုံးရေးကာလပေါ့”လို့ နိုင်ငံရေးပါတီတရပ်ပေါ်ထွန်းလာရေး ပြောရေးဆိုခွင့်ရှိသူ ဦးမင်းဇေယျက ပြောပါတယ်။ အဲဒီဆွေးနွေးပွဲရလဒ်ကို အခြေခံပြီး ပါတီမူဝါဒတွေမှာ ထည့်သွင်းနိုင်ဖို့ ရည်ရွယ်ပြုလုပ်ခဲ့ကြတာ ဖြစ်ပေမယ့် အခုလို ပါတီထောင်တာဟာ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ဦးမြအေးက ပြောပါတယ်။ “ပြောရမယ်ဆိုရင် ၈၈ ငြိမ်းပွင့်အနေနဲ့ မဟုတ်ဘူး။ ကျနော်တို့ ငြိမ်းပွင့်ဆိုတာ ၈၈ ထဲက တခုပဲ ဖြစ်တယ်။ ၈၈ တွေက အများကြီးပဲ။ အခုဆို ကျနော်တို့ လုပ်ဖော်ကိုင်ဖက်တွေ၊ တခြားအဖွဲ့အစည်းက လူတွေလည်း အများကြီး၊ နိုင်ကျဉ်းလည်း ၈၈ ပဲ။ အများကြီးပဲလေ။ ၈၈ ဆိုတာ ကျနော်တို့ တကယ်ကို မိုးထဲ ရေထဲ ဖြတ်သန်းခဲ့တဲ့ ၈၈ တွေ အများကြီးပဲ။ အဲဒီတော့ ၈၈ က ပါတီထောင်မှာလား မေးတော့ ၈၈ မျိုးဆက်အများစုကတော့ ဟုတ်တယ်။ သို့သော် ၈၈ ငြိမ်းပွင့်တော့ မဟုတ်ဘူး။” လက်ရှိအချိန်မှာတော့ ပါတီတခု ပေါ်ပေါက်လာဖို့အတွက် လိုအပ်တဲ့ မူဝါဒတွေ ရရှိနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်မှာဖြစ်ပြီး ပါတီမှတ်ပုံတင်ဖို့အတွက် ၂၀၁၈ ခုနှစ်မှာတင်ဖို့ ယာယီသတ်မှတ်ထားပေမယ့် ပါတီအမည်ပေးဖို့အတွက်ကိုတော့ အခုချိန်မှာ မလုပ်ဆောင်သေးဘူးလို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024