သဘာဝဘေးပြန်လည်ထူထောင်ရေးတွင် သုံးသည့်ငွေကြေးများ ပြည်သူအတွက် ထိရောက်ရန်လို
နေဖြိုးဝင်း
·
March 30, 2017
သဘာဝဘေးပြန်လည်ထူထောင်ရေးမှာ သုံးတဲ့ငွေကြေးတွေဟာ အမှန်တကယ် ပြည်သူတွေအတွက် ထိရောက်ဖို့လိုအပ်ကြောင်း ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။
မတ်လ ၃၀ ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားလိုက်တာပါ။
လက်ရှိအနေအထားမှာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းရပ်ဆိုင်ရာ လိုအပ်တဲ့ ငွေကြေးတွေ၊ စီမံကိန်းတွေကို အမျိုးသားကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ထောက်ပံ့ပေးနေပေမယ့် ဆောင်ရွက်ပြီးစီးမှုနဲ့ ငွေကြေးသုံးစွဲစွဲမှုမှာ မှန်ကန်မှု ရှိ၊ မရှိ ဆိုတဲ့ အခြေအနေကို ပြန်လည် အစီရင်ခံတင်ပြဖို့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။
“အထူးအလေးထား မှာကြားလိုတာက အဲဒီငွေကြေးသုံးစွဲမှုတွေဟာ ပြည်သူတွေအတွက် ထိထိရောက်ရောက် ဖြစ်စေဖို့နဲ့ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းတွေကို အတိအကျ လိုက်နာဖို့ လိုအပ်ပါတယ်။ နောက်တချက်အနေနဲ့ ဘေးသင့်ပြည်သူတွေအတွက် ပြည်သူတွေရဲ့ လှူဒါန်း ထောက်ပံ့မှုတွေဟာလည်း အလွန်ပဲ များပြားလာတဲ့အတွက် ထောက်ပံ့မှုတွေ ထိရောက်မှန်ကန်ပြီး အလေအလွင့်မရှိစေဖို့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တွေအနေနဲ့ တိကျ၊ သေချာ၊ မြန်ဆန်နိုင်တဲ့ ထောက်ပံ့မှုနည်းလမ်းတွေ စီမံပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။”
သက်ဆိုင်ရာဒေသ၊ အစိုးရအဖွဲ့အလိုက် ထားရှိတဲ့ သဘာဝဘေးရန်ပုံငွေစာရင်းတွေ၊ အမျိုးသားကော်မတီက ခွဲဝေပေးထားတဲ့ ရန်ပုံငွေအသုံးစရိတ်ရှင်းတမ်းတွေ၊ စာရင်း အစီရင်ခံစာတွေကို လစဉ်အစီရင်ခံစာတွေ ပြုစုပြီး အမျိုးသားကော်မတီကို တင်ပြရမှာ ဖြစ်ပေမယ့် တင်ပြမှု အားနည်းနေတယ်လို့လည်း ဆိုပါတယ်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတဝန်းဖြစ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေ၊ ပဋိပက္ခတွေကြောင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကနေ ကျပ် ၉ ဒသမ ၈ ဘီလီယံနဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၄ သိန်း ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။