DVB Logo
Home
မြန်မာသတင်း
အရန်ဆန်ဝယ်ယူရေးအဖွဲ့က ဈေးပိုပေးသင့်ဟု လုပ်ငန်းရှင်များပြော
DVB
·
January 11, 2012
အရန်ဆန်ဝယ်ယူရေးအဖွဲ့က ဈေးပိုပေးသင့်ဟု လုပ်ငန်းရှင်များပြော
Donate to DVB

အရန်ဆန် ၀ယ်ယူရေးအဖွဲ့က အနိမ့်ဆုံး ပေးဝယ်မယ့် စပါးဈေးဟာ နည်းတဲ့အတွက် တောင်သူတွေ အဆင်ပြေအောင် ဒီ့ထက် ဈေးပိုပေး ၀ယ်သင့်တယ်လို့ ဆန်လုပ်ငန်းရှင်တချို့က ပြောပါတယ်။

အစိုးရက ဖွဲ့ထားတဲ့ နိုင်ငံတော်အတွက် အရန်ဆန်ဝယ်ယူရေးအဖွဲ့ရဲ့  စပါးတင်းတရာ ကျပ်သုံးသိန်းနဲ့ အနိမ့်ဆုံးဈေး ပေးဝယ်မယ်လို့ ထုတ်ဖော် ပြောဆိုလိုက်တဲ့ အပေါ် ဆန်စပါးလုပ်ငန်းရှင်တွေက ပြန်လည် သုံးသပ်လိုက်ကြတာပါ။

ဆန်စပါး လုပ်ငန်းရှင် တဦးက “အခုက သုံးသိန်းနဲ့ဆိုတော့ သိပ်များ နိမ့်ပါးနေမလားလို့ စဉ်းစားကြည့်တာ။ ကျနော်တို့က နွေစပါးနဲ့ မိုးစပါး ကုန်ကျစရိတ်ခြင်း မတူဘူးလေ။ မိုးစပါးက ကုန်ကျစရိတ် အတော့်ကိုနည်းတယ်။ နွေစပါးကျတော့ တဧကကို တသိန်းခွဲနဲ့ တသိန်းခြောက်သောင်း ၀န်းကျင်မှာ ကုန်ကျစရိတ်ရှိတယ်။ သုံးသိန်း နှစ်သောင်းခွဲလောက် ဆိုရင်တော့ လယ်သမားလည်း ခံသာတယ်။ ကုန်သည်လည်း သူ့ဟာနဲ့သူ အရောင်းအ၀ယ် ဖြစ်တယ်။ ခုချိန်က လယ်သမားက သုံးသိန်းဈေး ဆိုရင် တော်တော်များများ နိမ့်နေမလားလို့။”

ဆန်စပါးဈေးကွက်နဲ့ ထုတ်လုပ်မှုအပိုင်း​ကို ​လေ့​လာသူ ​ဒေါက်တာမျိုး​အောင်​ကျော် ကတော့ အနိမ့်ဆုံးဈေး ကျပ်သုံးသိန်းနဲ့ ပတ်သက်ပြီး ခုလို ပြောပါတယ်။

“လက်ရှိ အနေအထားကတော့ စပါးဈေးက သုံးသိန်းအောက်မှာပဲဆိုတော့ ဘာပဲပြောပြော လတ်တလောမှာ ဖြေရှင်းစရာတခုလို့ပဲ မြင်တာပေါ့။ မဆိုးတော့ မဆိုးပါဘူး။ တကယ်တမ်း အချိန်နဲ့တပြေးညီ ၀ယ်ပေးနိုင်ရင်တော့ လယ်သမားက နည်းနည်း အရှုံး သက်သာသွားတာပေါ့။”

အရန်ဆန်ဝယ်ယူရေး အဖွဲ့အနေနဲ့ တောင်သူတွေထံက စပါးဝယ်ဖို့ အများပိုင် ကုမ္ပဏီကြီးတခုဖွဲ့ပြီး ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ ဒီအပေါ်မှာလည်း တောင်သူတွေနဲ့ လုပ်ငန်းရှင်တချို့က စိတ်ဝင်စားမှု မရှိကြဘဲ အဲ့ဒီလိုလုပ်ခဲ့တိုင်း အောင်မြင်တာ မတွေ့ရဘူးလို့ ပြောပါတယ်။

ပြည်တွင်းမှာ ဆန် ၀ယ်လိုအားမရှိတာနဲ့ ပြည်ပကို အမြောက်အမြား မတင်ပို့နိုင်တာတွေကြောင့် စပါးဈေး ကျနေရခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲမှာ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က သူပိုင်ကုမ္ပဏီကနေ အနိမ့်ဆုံးဈေး စပါးတင်းတရာ ကျပ်လေးသိန်းနဲ့ အနိမ့်ဆုံးဈေး ပေးဝယ်မှ တောင်သူတွေ အဆင်ပြေနိုင်မယ်လို့ မီဒီယာတွေကို ထုတ်ဖော် ပြောခဲ့ဖူးပါတယ်။

အရန်ဆန် ၀ယ်ယူရေး ကြီးကြပ်မှုကော်မတီကို စီးပွားကူးသန်း ၀န်ကြီးဌာနက ပြီးခဲ့တဲ့ အပတ်ထဲ ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပြီး ဥက္ကဋ္ဌက ဦးချစ်ခိုင်ပါ။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013