DVB Logo
Home
မြန်မာသတင်း
ကျောက်ဆည်တက္ကသိုလ်ရှေ့ အကြမ်းဖက်မှု လူသေဆုံး
DVB
·
January 11, 2012
Donate to DVB

ဒီလထဲမှာ မန္တလေးတိုင်း ကျောက်ဆည်တက္ကသိုလ်ရှေ့မှာ ကျောင်းသားအုပ်စု တစုက ကျန် ကျောင်းသားတစုကို ဓားနဲ့ခုတ် ကားနဲ့တိုက်လို့ ၁ ဦးသေဆုံးပြီး အနည်းဆုံး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ တရားခံလို့ ယူဆရသူ ၉ ဦးအနက် ၅ ဦးကို စဥ့်ကိုင်ရဲစခန်းက ဖမ်းထားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ကျောက်ဆည်တက္ကသိုလ် ကျောင်းသားတွေ ထိုးခုတ် ကားတိုက်ခံရရာမှာ အသက် ၁၇ နှစ်အရွယ် ပထမနှစ် ဘူမိဗေဒကျောင်းသား ညီဇော်ထွန်း ကားနဲ့ကြိတ်ခံရလို့ သေဆုံးခဲ့တာပါ။

လွတ်လပ်ရေးနေ့မှာ ဘူမိဗေဒဌာနရဲ့ မိုင် ၂၀ လမ်းလျှောက် အစီအစဉ်ကြောင့် ကျောင်းကို လာအိပ်ရင်း ဖြစ်ခဲ့တာလို့ သေဆုံးသူ ကျောင်းသားရဲ့ ဖခင် ဦးမောင်မောင်ဝင်းက ဒီကနေ့ သူ့သား သေဆုံးခဲ့တဲ့ နေရာကို လာကြည့်ရင်း ပြောပါတယ်။

“ဒီပွဲကို လာရတာကလည်း သူတို့ ဘူမိဗေဒဌာနက မိုင် ၂၀ လမ်းလျှောက်ပွဲ ရှိတယ်လေ။ ၄ ရက်နေ့ မနက်မှာဆိုတော့။ ၃ ရက်နေ့ ညကနေ ကျောင်းမှာ လာအိပ်ရတာ။ ဒီလိုပဲ ကားတိုက်တယ်လို့ အသံကြားရတယ်။ လိုက်လာတဲ့ အချိန်ကျတော့ ကျနော့်သား အသက်မရှိတော့ဘူး။”

ဒေသခံ မျက်မြင်တဦး အဆိုအရ အဲဒီညက ဖြစ်စဉ်မှာ အဲဒီကားနဲ့ လာတဲ့ လူငယ် ကျောင်းသားတွေဟာ တခြားတက္ကသိုလ်တွေက ဖြစ်ပြီး ကျောက်ဆည် တက္ကသိုလ်က ကျောင်းသား ၅ ဦးနဲ့ စတင်ရန်ဖြစ်တယ်လို့ ဆိုပါတယ်။

အပြင်မှာ မုန့်ထွက်စားတဲ့ မောင်ညီဇော်ထွန်း အပါအ၀င် ၃ ဦးက ကွန်ပျူတာ ဂိမ်းဆိုင်မှာ ရန်ပွဲပြီးအောင် နာရီဝက်လောက် စောင့်နေပြီးမှ အပြန်မှာ ကားနဲ့လာတဲ့ ကျောင်းသားတွေက လိုက်တိုက်တာလို့ ဆိုပါတယ်။ ဒုတိယအကြိမ် တိုက်ခိုက်မှုမှာ ကျန် ၂ ဦးက ဓားဒဏ်ရာရခဲ့ပြီး မောင်ညီဇော်ထွန်း ကတော့ လမ်းပေါ်မှာ ၀ါးတရိုက်လောက် ပြေးပေမယ့် ကားနဲ့ တိုက်ပြီး တက်ကြိတ်သွားတာလို့ ဒေသခံတဦးက ဆိုပါတယ်။

“ကားနဲ့တိုက်သွားတာ။ ၂ ယောက်က ဘေးမှာရှောင်ပြီး လွတ်သွားတယ်။ တယောက်က ကားလမ်းအတိုင်း ပြေးတာ။ အောက်ဆင်းပြေးတော့ အောက်ထိ လိုက်တိုက်တာ။ နေရာတင် သေသွားတယ်။”

ကျောက်ဆည် တက္ကသိုလ်နားမှာ ဖြစ်ပေမယ့် အခင်းဖြစ်တဲ့ နေရာဟာ စဥ့်ကိုင်အပိုင်ထဲမှာ ဖြစ်တာကြောင့် စဥ့်ကိုင်မြို့နယ် ရဲက ကိုင်တွယ် ဆောင်ရွက်ပါတယ်။ အဲဒီညက သွေးသံရဲရဲနဲ့ လူနာတွေ ဆေးရုံပို့ဖို့ ယာဉ်စီစဉ်ရာမှာ ကျောင်း တာဝန်ရှိသူတွေရော အုပ်ချုပ်ရေး အာဏာပိုင်တွေပါ ကိုင်တွယ်မှု နှေးကွေးတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာဟာ စဥ့်ကိုင်မြို့နယ် ရဲစခန်းနဲ့ ၆ မိုင်လောက် ကွာဝေးတာကြောင့် ရဲလည်း ချက်ချင်း မရောက်လာနိုင်ဘဲ ဖြစ်ခဲ့ရပေမယ့် နောက်ပိုင်းမှာ လူ ၅ ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။

သေဆုံးသူ ကျောင်းသားရဲ့ ဖခင် ဦးမောင်မောင်ဝင်းက သူ့သားအတွက် စဥ့်ကိုင် ရဲစခန်းမှာ အမှုဖွင့်ဖို့ ကြိုးပမ်းပါတယ်။ ဒါပေမယ့် ရဲက သူကိုယ်တိုင် အမှုဖွင့်ခဲ့ပါတယ်။ ရဲက ဒီအမှုကို လူသေမှုသာဖြစ်ပြီး လူသတ်မှု မဟုတ်ကြောင်း ပြောတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အမှန်တရားအတိုင်း ဖြစ်စေချင်ကြောင်း ပြောပါတယ်။

“လူကြီးတွေကတော့ မှန်မှန်ကန်ကန်နဲ့ လုပ်နေပြီလို့ ထင်ပါတယ်။ အောက်ခြေ အဖွဲ့အစည်းကလည်း မှန်မှန်ကန်ကန် လုပ်ရင်တော့ ကောင်းတာပေါ့။ အဲဒီလိုမှသာ ကျောင်းသားလူငယ်တွေ အေးအေးချမ်းချမ်းနဲ့ ပညာသင်ကြားတဲ့ အခါမှာ အန္တရာယ်ကင်းကင်း ဖြစ်စေချင်တာပေါ့။ ဒါတွေကလည်း အာဏာပိုင် အဖွဲ့အစည်းရဲ့ ကာကွယ်စောင့်ရှောက်မှု ရှိမှသာ ဖြစ်တော့မယ့်ကိစ္စကို။”

မောင်ညီဇော်ထွန်းရဲ့ ဈာပနကို ဇန်န၀ါရီ ၅ ရက်နေ့က ကျောက်ဆည်မှာ သဂြိုငှ််ခဲ့တယ်လို့ ဆိုပါတယ်။ အခုအခါ သူ့သား သေဆုံးတဲ့နေရာကို လာကြည့်ပြီး ဇရပ်ဆောင်တခုခု ဆောက်လုပ်လှူဒါန်းဖို့ ရည်ရွယ်ထားတယ်လို့ ပြောဆိုသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013