DVB Logo
Home
မြန်မာသတင်း
စစ်ပြေး ဒုက္ခသည် ကလေးငယ်များ ပညာရေး အခက်ကြုံ
DVB
·
January 11, 2012
စစ်ပြေး ဒုက္ခသည် ကလေးငယ်များ ပညာရေး အခက်ကြုံ
Donate to DVB

ကချင်ပြည်နယ်တွင်းမှာ လပေါင်းများစွာ ဆက်တိုက်ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ကလေးငယ်တွေ ပညာသင်ကြားရေး အခက်တွေ့နေရတယ်လို့ ဒေသခံတွေနဲ့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

[caption id="attachment_19828" align="alignleft" width="310" caption="ကချင်ဒုက္ခသည်များ"][/caption]

မြစ်ကြီးနား အရှေ့ဘက်မိုင် ၈၀ ကျော်ဝေးတဲ့ တရုတ်၊ မြန်မာနယ်စပ်က စစ်ပြေးဒုက္ခသည် ၁၆၀၀ ၀န်းကျင်ခိုလှုံနေတဲ့ စိန်ကြိုင် ဒုက္ခသည်စခန်းကို အကူအညီပေးဖို့ ရောက်နေတဲ့ ကိုဝင်းဘိုက ခုလို ပြောပါတယ်။

“ကလေးတွေ ပိုများတယ်။ ၇ နှစ်ကနေ ၁၀ နှစ်ထိ ကလေးတွေ၊ ပိုများတဲ့အပြင် အဲဒီကလေးတွေက ၄ တန်း၊ ၅ တန်း၊ ၆ တန်း ကျောင်းတက်နေတဲ့ ကလေးတွေ၊ အဲဒီတော့ မိဘတွေက ရွာတွေဘာတွေ ပစ်သွားတဲ့အခါကျတော့ ယနေ့ချိန်ထိ အဲဒီမှာနေတဲ့ ကျောင်းသားကလေး တယောက်မှ ကျောင်းမတက်ရဘူး။ ဒီအတိုင်းပဲ နေကြရတယ်။ ကျနော်တို့ သိတဲ့အတိုင်းဆို မူလတန်း ကျောင်းသားဦးရေ ၂၀၀ ကျော်လောက် ရှိတယ်။”

မနှစ်ဇွန်လက စခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည်စခန်း သောင်းနဲ့ချီ ထွက်ပြေးခဲ့ရပြီး မကြာသေးတဲ့ ရက်ပိုင်းကအထိ ရွာလုံးကျွတ် ပြောင်းရွှေ့ ထွက်ပြေးတာတွေလည်း ဖြစ်ပေါ်နေပါတယ်။

အခုရက်ပိုင်း အတွင်းမှာပဲ ဖားကန့်မြို့နယ် မိုးကောင်းနဲ့ ဖားကန့်လမ်းကြားက ရွာငယ်တွေက စစ်ပြေးဒုက္ခသည် ၅၀၀ ၀န်းကျင် မြစ်ကြီးနား အနောက်ဘက် မိုင် ၁၀၀ လောက်ဝေးတဲ့ မော်စီစာဆိုတဲ့ ရွာက ဘုန်းကြီးကျောင်းတကျောင်းမှာ ခိုလှုံဖို့ ရောက်နေတယ်လို့ ဒေသခံ ကိုစိုးနိုင်က ပြောပါတယ်။

“မူလတန်း ကျောင်းသားတွေ ၆၀ လောက်ရှိတယ်။ ရိပ်သာမှာ ယာယီကျောင်း အဖြစ်နဲ့ လုပ်ပြီးတော့ ခရစ်ယာန်ကျောင်းကရော၊ ရွာကရာ ပေါင်းပြီး ယာယီကျောင်းလေး ဖွင့်ထားတယ်။ နဂို ရွာကျောင်းလေးတွေက ဆရာ၊ ဆရာမတွေလည်း လာဝိုင်းသင်ပေးတယ်။ မူလတန်းအကုန် လေးတန်းထိ။”

ဒုက္ခသည် အကူအညီပေးရေး အဖွဲ့တွေကတော့ ကချင်ပြည်နယ်မြို့ပေါ်မှာပဲ ဒုက္ခသည် ၇ သောင်းဝန်းကျင် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ဒုက္ခသည် အကူအညီပေးရေး အဖွဲ့တဖွဲ့ဖြစ်တဲ့ လူထုအလင်းကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့က မေလီအောင်က စစ်ပြေးဒုက္ခသည်တွေထဲမှာ ကလေးငယ်တွေ သောင်းနဲ့ချီ ရှိမယ်လို့ ခန့်မှန်းပါတယ်။

“အခုကျတော့ ကလေးတွေက အကုန်လုံး ကျောင်းတွေပိတ်ထားတော့ ဒုက္ခသည် ၁၀၀၀ မှာ ကလေးက ၆၀၀ ကျော်ပါတယ်။ ထက်ဝက်ကျော်က ကလေးတွေ ဖြစ်နေတယ်။ ကလေးတွေ အများကြီးဖြစ်ပြီး ဘာမှလည်း ကလေးတွေအတွက် ၀ိုင်းဝန်း စောင့်ရှောက်တာလည်း မလုပ်နိုင်တော့ အကြီးအကျယ် ဒုက္ခရောက်နေတယ်။”

ကေအိုင်အိုနဲ့ အစိုးရအဖွဲ့ကြားမှာ မနှစ်ဇွန်လကစလို့ အပစ်ခတ်ရပ်စဲရေး ပျက်ပြားခဲ့ပြီး တိုက်ပွဲတွေ ဆက်တိုက် ပြန်ဖြစ်နေတာပါ။ အစိုးရဘက်က အပစ်ရပ်စဲရေး ဆွေးနွေးလိုပေမယ့် ကေအိုင်အေဘက်ကတော့ နိုင်ငံရေး အဖြေတရပ် ရှာဖို့အထိ လိုလားနေပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်းမှာ ကေအိုင်အေနဲ့ အစိုးရကြားမှာ ဆွေးနွေးပွဲတွေ ပျက်လိုက်၊ ပြန်စလိုက်ဖြစ်ခဲ့ပြီး၊ ဒီလထဲမှာနောက်ထပ် ဆွေးနွေးပွဲတွေ ပြန်စဖွယ်ရှိတယ်လို့ ကေအိုင်အို အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်းက ပြောပါတယ်။

“ဒီဇင်ဘာလ လလယ်လောက်မှာ သူတို့ကနေ ကေအိုင်အိုနဲ့ သီးခြားတွေ့ဆုံဖို့ ၁၁ ဦးပါတဲ့ ကိုယ်စားလှယ်တဖွဲ့ ဖွဲ့စည်းထားတာကို ကျနော်တို့သိရတယ်။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု လုပ်ကြမယ်ဆိုပြီး ကမ်းလှမ်းလာလို့ ကျနော်ပဲ ပြန်ပြီးတော့ အကြောင်းပြန်တာပေါ့။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ကို အမြဲတမ်း အဆင်သင့်အနေနဲ့ စောင့်နေတာပါ။ သူတို့ကတော့ ဇန်န၀ါရီလ အတောအတွင်းမှာ တွေ့ဆုံ ဆွေးနွေးလို့ရအောင် လုပ်ကြရအောင်ဆိုပြီး အပေါ်ယံ အကြမ်းဖျဉ်းအားဖြင့် ပြောဆိုထားတာတွေ ရှိတယ်။”

ကချင်ပြည်နယ်မှာ အခုစစ်ပွဲတွေ ဆက်ဖြစ်နေရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ကေအိုင်အေရဲ့ နယ်မြေထဲကို အစိုးရတပ်တွေက တိုးချဲ့လာလို့ ထိပ်တိုက်တွေ့ရတာလို့ ကေအိုင်အေက ဆိုပြီး အစိုးရဘက်ကတော့ ကေအိုင်အေဘက်က ဖျက်ဆီးထားတဲ့  လမ်းတံတားတွေ ပြန်လည် တည်ဆောက်ရေးအတွက်  နယ်မြေရှင်းလင်းရေး လုပ်တာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013