အာရှဖလားခြေစစ်ပွဲတွင် မြန်မာက အိန္ဒိယကို ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

အာရှဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ အိန္ဒိယအသင်းတို့ မတ်လ ၂၈ ရက် ညနေက ရန်ကုန်မြို့မှာ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မြန်မာအသင်းက ပွဲချိန်အတွင်း ဂိုးသွင်းခွင့် ၁၅ ကြိမ်လောက် ရခဲ့ပေမယ့် တိုက်စစ်ပိုင်းက ကျော်ကိုကို၊ အောင်သူ၊ ရန်နိုင်ဦးတို့ အသုံးမချနိုင်ခဲ့တာကြောင့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းနည်းပြ ဂတ်ဇီဆီဟာ ဒုတိယပိုင်းမှာ မောင်မောင်လွင်နဲ့ မျိုးကိုထွန်း တို့ကိုထည့်ပြီး တိုက်စစ်အပြောင်းအလဲ လုပ်ခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးတော့ ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။ အိန္ဒိယအတွက် အနိုင်ဂိုးကိုတော့ ပွဲပြီးခါနီးမှာ တန်ပြန်တိုက်စစ်ကနေတဆင့် အိန္ဒိယအသင်းခေါင်းဆောင် ဆူနေးလ်ချက်ထရီက အပိုင်ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ အနိုင်ရခဲ့သင့်ပေမယ့် ရှုံးနိမ့်ခဲ့တဲ့အတွက် ကျေနပ်မှုမရှိဘူးလို့ နည်းပြ ဂတ်ဇီဆီက ပြောပါတယ်။ အိန္ဒိယနည်းပြ ကွန်စတန်တီနီကတော့ မြန်မာအသင်းက ခြေစွမ်းကောင်းခဲ့ပေမယ့် အဆုံးသတ်မကောင်းလို့ ရှုံးခဲ့တာဖြစ်ပြီး သူတို့အသင်းကတော့ လူစားလဲမှု မှန်ကန်တာကြောင့် အနိုင်ရခဲ့တာလို့ ပြောပါတယ်။ မြန်မာအသင်းအနေနဲ့ ဒီပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် နောက်ပွဲတွေမှာ ခြေစစ်ပွဲအောင်ဖို့ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။ ၂၀၁၉ အာရှဖလားခြေစစ်ပွဲ အုပ်စု က မှာ မြန်မာအသင်းဟာ အိန္ဒိယ၊ ကာဂျစ္စတန်၊ မကာအိုတို့နဲ့ တအုပ်စုတည်း ကျရောက်နေပြီး ကာဂျစ္စတန်နဲ့ မကာအိုတို့ ပွဲစဉ်မှာတော့ ကာဂျစ္စတန်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီအုပ်စုက ပွဲစဉ်တွေကို နှစ်ကျော့ကစားရမှာဖြစ်ပြီး အုပ်စုပထမနဲ့ ဒုတိယရတဲ့ နှစ်သင်းက ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up