မူးယစ်ဆေးဝါးသုံးစွဲသူ လျော့နည်းလာစေရန် အလုပ်အကိုင်ဖန်တီးပေးစေလို
DVB
·
March 28, 2017
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူ လျော့နည်းလာစေဖို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။
မိုးမိတ်မြို့နယ် အုန်းကျောရွာသစ်မှ ဆရာတော်ဥူးရာဇိန္ဒက “အရင်တုန်းက ဒီမှာက သစ်တွေ လုပ်ကြတာလေ။ အဲတုန်းကတော့ အလုပ်ဖြစ်ကြတယ်။ လူငယ်တွေရော လူကြီးတွေရော အလုပ်ဖြစ်တော့ မူးယစ်ဆေးဝါးဆိုတာ သူတို့ သိပ်မသိသေးဘူး။ အခုတော့ သစ်တွေလည်း ကုန်ပြီလေ။ အဲဒါကြောင့် သူတို့လုပ်စရာမရှိတော့ ငွေရလွယ်လမ်းပေါက်ကို ကြည့်ပြီးတော့ မူးယစ်ဆေးဝါးတွေ ရောင်းဝယ်တာတွေ လုပ်လာကြတယ်” လို့ မိန့်ပါတယ်။
လက်ရှိအချိန်တွင် မိုးမိတ်မြို့ဒေသခံ အများစုဖြစ်တဲ့ ၈၀ရာခိုင်နှုန်းလောက်ဟာ မူးယစ်ဆေးဝါးတွေကို သုံးစွဲခြင်း၊ ရောင်းဝယ်တာတွေမှာ တနည်းမဟုတ်တနည်း ပတ်သက်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးမိတ်မြို့နယ်ဟာ မူးယစ်ဆေးဝါး အဝင်ပေါက်များနေတဲ့အတွက် ပိတ်ပင်တားဆီးဖို့ အလွန်ခက်ခဲပြီး မူးယစ်ဆေးဝါး လျော့ကျလာအောင် လုပ်ဆောင်နိုင်တဲ့ အဓိကအချက်ကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးမိတ်မြို့ခံတဦးက “အလုပ်အကိုင်တွေတော့ ရှိကြပါတယ်။ တောင်ယာတွေ၊ လယ်ယာတွေပေါ့။ ဒါပေမယ့် ဒီလိုရာသီမှာ အလုပ်အကိုင်မရှိတော့ဘူး။ ဒီတော့ လူတွေကလည်း ငွေအမြန်ရတဲ့ ဒီမူးယစ်ဆေးဝါးကို ရောင်းဝယ်လာကြတယ်။ အဝင်ပေါက်တွေကလည်းများတော့ လွယ်တယ်လေ။ ပိုက်ဆံရတာလည်း မြန်တယ်။ တောင်ယာ၊ လယ်ယာတွေ လုပ်တောမှ စောင့်ရဦးမှာ။ သစ်လုပ်တုန်း ကလည်း သူတို့ ငွေရွှင်တာကိုး။ အခုဒီငွေနည်းနည်းပဲ ရတဲ့အလုပ်ကို မလုပ်ချင်တော့ဘူး။ အဓိက မူးယစ်ဆေးမသုံးစွဲသေးတဲ့လူတွေကို မသုံးအောင်လို့ အလုပ်အကိုင်လိုတယ်”လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲသူတွေကတော့ မူးယစ်ဆေးဖျက်စခန်းတွေကို သွားရောက်ပေမယ့် ပြန်ရောက် လာတဲ့အချိန်မှာ အလုပ်လုပ်ဖို့အတွက် အလုပ်အကိုင်ရှာဖွေပေးမယ့် မူးယစ်ဆေးသမား ဖြစ်ဖူးခဲ့တဲ့ အတွက် အလုပ်ရှင်က လက်မခံခဲ့ရာကနေ မူးယစ်ဆေးဝါးကို ပြန်လည်သုံးစွဲနေသူတွေလည်းရှိနေပါ တယ်။
သတင်း၊ ဓာတ်ပုံ- နိုင်နိုင်