Home
မြန်မာသတင်း
ပန်းတောင်း၊ တောင်ကုတ်လမ်းပေါ်တွင် ဇာတ်အဖွဲ့ကား တိမ်းမှောက်
မင်းညို
·
March 28, 2017
ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအလွန် တောင်ကုတ်ကားလမ်းပေါ်တွင် ဇာတ်အဖွဲ့ကို တင်ဆောင်လာတဲ့ကား တိမ်းမှောက်ခဲ့တာကြောင့် လူ ၃ ယောက် သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၄ ဦး အရေးပေါ်ဆေးရုံတင်လိုက်ရပါတယ်။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ဘက်က ဇာတ်သဘင်အဖွဲ့သားတွေကို တင်ဆောင်လာပြီး ပဲခူးတိုင်း၊ ပြည်မြို့ကို မောင်းနှင်လာတဲ့ TE စ/၇၆၆၀ ကားတစီး ဥသျှစ်မြို့အနီးမှာ တိမ်းမှောက်ခဲ့တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရပါတယ်။ မတ် ၂၇ ရက် နေ့လယ် ၃ နာရီခန့်က အဆိုပါဇာတ်အဖွဲ့ကို တင်ဆောင်လာတဲ့ကားဟာ ဥသျှစ်ပင်မြို့အနီး မိုင်တိုင် ၄၆ အကျော်မှာ ဘရိတ်ပေါက်ရာမှ တိမ်းမှောက်ခဲ့တာဖြစ်ပြီး လူ ၁ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “ကားနှစ်စီး လာကြတာ ဒီကားက လမ်းမမှပျက်တော့ ကျန်တဲ့ကားပေါ် လူတွေ ပြောင်းလိုက်ပြီး အလုပ်သမားတွေလောက်ပဲ ဒီကားမှာ ကျန်ခဲ့တယ်။ မိုင်တိုင် ၄၆ အကျော်မှာ တောင်ပေါ်လမ်း အတက် အဆင်းလည်း များတော့ ဒီကားက ဘရိတ်ပေါက်ပြီး ကားလက်ကိုင်လည်း ခေါက်သွားတာ” လို့ အမှတ်-၁၃ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူက ပြောပါတယ်။ “ဥသျှစ်ပင်ဆေးရုံကို ပထမ တင်ထားတာ။ နောက်တော့ ဒဏ်ရာရရှိသူ အများစုက စိုးရိမ်ရတာကြောင့် အကုန် ပြည်ဆေးရုံကြီးကို ပို့လိုက်ရတယ်” လို့ ပြည်မိုးမေတ္တာအဖွဲ့ ဥက္ကဋ္ဌ ကိုမိုးကြီးက ပြောပါတယ်။ ပြည်ဆေးရုံကြီးအရောက်မှာတော့ အသက် ၅၀ အရွယ် အမျိုးသားနှစ်ဦး ထပ်မံ သေဆုံးသွားတယ်လို့ မိုးမေတ္တာအသင်းက ထပ်မံသိရပြီး တယောက်ကိုတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်လိုက်ရပါတယ်။ ဖြစ်စဉ်ကို ယာဉ် (ပ)၉/၂၀၁၇ ဖြင့် အမှုဖွင့်ထားပြီး လတ်တလောပုဒ်မ ၃၀၄(က)၊ ၃၃၈၊ ၃၃၇ တို့ဖြင့် အရေးယူဆောင်ရွက်နေတယ်လို့ ဥသျှစ်ပင်ရဲစခန်း တာဝန်ရှိသူတွေထံမှ သိရပါတယ်။ ဓာတ်ပုံ- စိုးဝင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024