တရားမဝင်သစ်ခိုးထုတ်နေသည့်အပေါ် ဌာနဆိုင်ရာအရေးယူမှု အားနည်းနေ
DVB
·
March 28, 2017
ပဲခူးရိုးမအတွင်း သစ်ထုတ်လုပ်ခွင့် ပိတ်ပင်ထားတာ ဆယ်နှစ်ရှိလာပေမယ့် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်မှာ တရားမဝင် သစ်ခိုးထုတ်မှုတွေ လက်ရှိဖြစ်ပေါ်နေပြီး ဌာနဆိုင်ရာတွေဘက်က အရေးယူ ဆောင်ရွက်တာတွေ အားနည်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ညတိုင်းပါပဲ။ ည ဆယ့်၁ နာရီ၊ ဆယ့်နှစ်နာရီဆို ကားတွေ ဆင်းလာပြီ။ ဖောကားတွေ၊ ဆယ်ဘီးကားတွေနဲ့ကို သယ်နေကြတာ။ ဌာနဆိုင်ရာတွေက မသိတာတော့ မဟုတ်ဘူး။ သိတယ်။ မဖမ်းတာ။ ညတိုင်း သယ်နေကြတာပါပဲ” လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဖြူးမြို့နယ်အတွင်း တရားမဝင် သစ်ခိုးထုတ်မှုတွေ နေ့စဉ် ဖြစ်ပေါ်နေပြီး ဌာနဆိုင်ရာတွေဘက်က ဖမ်းဆီးမှုတွေ ရှိပေမယ့် သစ်ပိုင်ရှင်တွေကို ဖမ်းဆီးရမိမှုမရှိဘဲ ပိုင်ရှင်မဲ့တွေသာ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
ဖြူးမြို့နယ် သစ်တောဦးစီးဌာနကို သွာရောက်မေးမြန်ရာမှာ “ကျနော်တို့လည်း စီမံချက်တွေချပြီး လုပ်နေပါတယ်။ အခု အဲဒီသစ်ခိုးထုတ်နေတဲ့ လမ်းတွေကိုလည်း ဘက်ဟိုးတွေ၊ ဘော်ဒိုဇာတွေနဲ့ သွားမရအောင်လုပ်ဖို့ စီစဉ်ေနပါတယ်။ တခြားအဖွဲ့တွေနဲ့လည်း ပူးပေါင်းပြီး ဖမ်းဆီးမှုတွေ လုပ်နေပါတယ်” လို့ အလွတ်သဘောသာ ဖြေဆိုခဲ့ပြီး ရုပ်သံရိုက်ကူးခွင့်ကိုတော့ နောက်နေ့မှ လာရောက်ပြုလုပ်ဖို့ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းက ဒီဗွီဘီကို ပြောပါတယ်။
ဖြူးမြို့နယ်အတွင်းကို ပဲခူးရိုးမမှ သစ်တွေ တရားမဝင် ဝင်ရောက်နေတဲ့ လမ်းသုံးလမ်းရှိပြီး ၁၁၅ မိုင်-စားကွန်းလမ်း၊ စိမ့်ကြီး-ညောင်ပင်သာလမ်း၊ ရေအိုးစင်- မြင်ပင်လမ်းတို့ ဖြစ်တယ်လို့ ဒေသခံများထံက သိရပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း )