မြန်မာကို အရှုံးပေးဖို့ မဟုတ်ဘဲ အနိုင်ရဖို့လာဟု အိန္ဒိယနည်းပြပြော

မြန်မာအသင်းကို အရှုံးပေးဖို့ မဟုတ်ဘဲ အနိုင်ရဖို့အတွက် ရန်ကုန်ကို ရောက်တာဖြစ်တယ်လို့ အိန္ဒိယ လက်ရွေးစင် ဘောလုံးအသင်း နည်းပြ ကွန်စတန်တီနီက ပြောပါတယ်။ အာရှဖလားဘောလုံးခြေစစ်ပွဲအတွက်  မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနဲ့ အိန္ဒိယ လက်ရွေးစင်အသင်းတို့ရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို  ဒီကနေ့ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပရာမှာ ပြောသွားတာပါ။ ဒီပွဲကြိုသတင်းစာရှင်းလင်းပွဲကို မြန်မာ့လက်ရွေးစင်နည်းပြ ဂတ်ဇီဆီနဲ့ အသင်းခေါင်းဆောင် ရန်အောင်ကျော်၊ အိန္ဒိယအသင်းနည်းပြ ကွန်စတန်တီနီနဲ့ အသင်းခေါင်းဆောင် ဆူနေးလ်ချက်ထရီ တို့ တက်ရောက်ခဲ့ပါတယ်။ အိန္ဒိယဘောလုံးအသင်းဟာ ခန္ဓာကိုယ်ကြံ့ခိုင်မှု ကောင်းမွန်ပြီး အမြင့်ဘောတွေနဲ့ တည်ကန်ဘောတွေကနေ ဂိုးတွေ ရယူတတ်တာကြောင့် သေချာပြင်ဆင်ထားတယ်လို့ မြန်မာနည်းပြ ဂတ်ဇီဆီက ပြောပါတယ်။ မြန်မာအသင်းခေါင်းဆောင် ရန်အောင်ကျော်ကတော့ "အိန္ဒိယနဲ့ အဖွင့်ပွဲကို အနိုင်ရမယ်ဆိုရင် နှစ် ၅၀ လောက် ဝေးနေတဲ့ အာရှဖလား ခြေစစ်ပွဲအောင်ဖို့အခွင့်အရေး ကောင်းသွားမယ်၊ အိမ်ကွင်းပရိသတ်တွေရှေ့မှာ အနိုင်ကစားမယ်"လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အိန္ဒိယနည်းပြ ကွန်စတန်တီနီကတော့ “ဒီကို ရောက်လာတာဟာ မြန်မာအသင်းကို အရှုံးပေးဖို့ မဟုတ်ဘဲ အနိုင်ရဖို့အတွက် လာတာဖြစ်တယ်၊  မြန်မာအသင်းဟာ လျင်မြန်မှုရှိပြီး ခြေစွမ်း တိုးတက်လာတဲ့ အသင်းကောင်းဖြစ်တယ်” လို့လည်း ချီးကျူးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာအသင်းက ကစားသမားတွေ အကြောင်းကို လေ့လာထားပြီး အနိုင်ရဖို့ ခက်ခက်ခဲခဲ ကစားရနိုင်တယ်လို့လည်း အိန္ဒိယနည်းပြ ဆူနေးလ်ချက်ထရီက ပြောပါတယ်။ မြန်မာအသင်းနဲ့ အိန္ဒိယအသင်းတို့ရဲ့ အာရှဖလားခြေစစ်ပွဲအုပ်စုအဖွင့်ပွဲစဉ်ကို မနက်ဖြန် မတ် ၂၈ ရက် ညနေ ၆ နာရီမှာ ရန်ကုန် သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ၁၉၆၈ ခုနှစ် အာရှဖလားခြေစစ်ပွဲမှာလည်း အိန္ဒိယနဲ့ တအုပ်စုတည်း ကျခဲ့ပြီး မြန်မာက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရဖူးသလို ၂၀၁၄ Challenge Cup ခြေစစ်ပွဲမှာလည်း   ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာတော့ မြန်မာအသင်းဟာ ကမ္ဘာ့ဘာလုံးအဖွဲ့ချုပ် ဖီဖာရဲ့ နိုင်ငံအလိုက် ဘောလုံး အဆင့်သတ်မှတ်ချက်အရ  အဆင့် ၁၇၂ နေရာမှာ ရှိနေပြီး အိန္ဒိယအသင်းကတော့ အဆင့် ၁၃၂ နေရာမှာ မြန်မာရဲ့အပေါ် အဆင့် ၄၀ လောက်အကွာမှာ ရပ်တည်နေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up