ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်ဆေးဝါးသယ်ဆောင်သူ ၂ ဦးကို အသေပစ်ခတ်ဖမ်းဆီး

ထိုင်း-မြန်မာနယ်စပ်မှာ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ၂ ဦးကို မတ်လ ၂၅ ရက်နေ့ နေ့လယ်ပိုင်းမှာ နယ်ခြားစောင့်တွဲဘက်လုံခြုံရေးစစ်သားတွေက သေနတ်နဲ့ အသေပစ်သတ် ဖမ်းဆီးခဲ့ရတယ်လို့ ထိုင်းပီဘီအက်စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ဒေသရဲ့ တောတွင်းမီတာ ၇၀၀ လောက်အကွာမှာ ဖြစ်ခဲ့တာဖြစ်ပြီး သူတို့ဆီမှ ယာဘစိတ်ကြွမူးယစ်ဆေးပြား ၁ သိန်းလောက်ကို သိမ်းဆည်းရမိခဲ့တာပါ။ စစ်သားတွေပါဝင်တဲ့ လုံခြုံရေးကင်းတပ်ဖွဲ့ဟာ ကင်းလှည့် စစ်ဆေးခဲ့ချိန်မှာ မူးယစ်ဆေးဝါး သယ်ဆောင်သူတွေလို့ သံသယဖြစ်ဖွယ် လက်နက်ကိုင်အမျိုးသား ၄ ဦးကို စတင်တွေ့ရှိခဲ့တာပါ။ အဆိုပါအမျိုးသား ၄ ဦးကို စစ်သားတွေက ရပ်တန့်စစ်ဆေးဖို့ အမိန့်ပေးခဲ့ချိန်မှာ သူတို့ကခုခံပြီး လွတ်မြောက်အောင် ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတာပါ။ သူတို့ထဲက တဦးက တောတွင်းချုံပုတ်တခုကို မီးရှို့ပြီး မီးခိုးငွေ့တွေ ထွက်ပေါ်လာချိန် ထွက်ပြေးဖို့ ကြိုးစားစဉ် စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ကြတာပါ။ နောက်ဆုံးမှာတော့ သေနတ်ပစ်တိုက်ခိုက်မှုတွေဖြစ်အပြီး စစ်သားတွေက ပိုက်စိပ်တိုက် ရှာဖွေခဲ့ချိန်မှာတော့ သေဆုံးနေတဲ့ အမျိုးသား ၂ ဦးကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ သူတို့ ၂ ဦးအနီးမှာတော့ ကျောပိုးအိတ်တလုံးထဲက မူးယစ်ဆေးပြား ၁ သိန်းလောက်ကို တွေ့ရှိခဲ့ပြီး နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up