DVB Logo
Home
မြန်မာသတင်း
လယ်ဝေးအမတ် ကားတိုက်မှု အရေးယူခြင်း​ မရှိ
DVB
·
January 10, 2012
Donate to DVB

နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဌေးဝင်းဟာ ယာဉ်တိုက်မှု ဖြစ်ပွားပေမယ့် အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ရဲကလည်း အမှုမဖွင့်ပေးပါဘူး။

ပြည်ခိုင်ဖြိုးပါတီ​ ကိုယ်စားပြု လယ်ဝေးမြို့နယ် ၂၀၁၀ အမတ် ဦးဌေးဝင်း မောင်းတဲ့ ပြည်ခိုင်ဖြိုးကားဟာ မနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ ညက မိခင်နဲ့ကလေး စောင့်ရှောက်ရေးရုံးရှေ့မှာ လမ်းဘေးရပ်ထားတဲ့ ဆိုင်ကယ်ကို ကားနဲ့ဝင်တိုက်တာ ဖြစ်တယ်လို့ ဒေသခံ ကျောင်းအုပ်ဆရာကြီးဟောင်း တဦးက ပြောပါတယ်။

ကားတိုက်မှုကြောင့် ဆိုင်ကယ်ရပ်ပြီး စကားပြောနေသူ နှစ်ဦးစလုံး လွင့်စင်ထွက်ခဲ့ရပြီး  ဒီထိခိုက်တဲ့ လူငယ်နှစ်ဦးကို ဦးဌေးဝင်းက တာဝန်မယူဘဲ ကြိုက်ရာကို တိုင်ကြားနိုင်တယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ကားတိုက်ခံရတဲ့ အမျိုးသမီးဟာ သူ့တပည့်မ ဖြစ်တဲ့အတွက် အကြောင်းစုံကို သိခဲ့ရတာ ဖြစ်တယ်လို့ အဲဒီအငြိမ်းစား ကျောင်းအုပ်ကြီးက ပြောဆိုပြီး ယာဉ်တိုက်ချိန်မှာ ဦးဌေးဝင်းဟာ အရက်မူးနေတယ်လို့ ပြောပါတယ်။

အငြိမ်းစားကျောင်းအုပ်ကြီးက ခုလို ပြောပါတယ်။

“နေပြည်တော်သွားပြီး အပြန်မှာ လမ်းဘေးမှာ ဆိုင်ကယ်ရပ်ပြီး ဖုန်းပြောနေကြတာ။ အဲ့အချိန်မှာ မူးနေတဲ့ ဦးဌေးဝင်းက ကားနဲ့ဝင်တိုက်တာ။ တိုက်မိတဲ့အချိန်မှာ ကလေးတွေက လမ်းဘေးကို လွင့်ထွက်သွားတယ်။ ဦးဌေးဝင်းက ကားပေါ်ကဆင်းလာပြီး လာကြည့်တယ်။ မသေပါဘူးကွာဆိုပြီး ကားပေါ်ပြန်တတ်သွားပြီး မောင်းမလို့လုပ်တော့ ကားတိုက်ခံရတဲ့ သီဟဆိုတဲ့ကောင်လေးက မောင်းပြေးလို့မရဘူးပြောတော့ ငါ့ကိုဘာကောင် အောက်မေ့တုန်း ငါကလွှတ်တော်အမတ် ဌေးဝင်းဆိုပြီး ခြိမ်းခြောက် ပြောသွားတယ်။”

အဲဒီ အငြိမ်းစားကျောင်းအုပ်ဆရာကြီးဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက လယ်ဝေးမြို့နယ်မှာ တသီးပုဂ္ဂလအမတ်အဖြစ် ၀င်ပြိုင်ဖူးပါတယ်။

ဦးဌေးဝင်းဟာ လူနာနှစ်ဦးကို ဆေးရုံမပို့ဘဲ ကားမောင်းနှင် ထွက်ပြေးဖို့ လုပ်ခဲ့ပေမယ့် ကားအောက်မှာ မော်တော်ဆိုင်ကယ် ရှိနေလို့ ကားမောင်းထွက်လို့ မရဘဲ နောက်ပိုင်းကျမှ ကားကို လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးက လာရောက် ယူဆောင် သွားတယ်လို့ ဆိုပါတယ်။

လူနာနှစ်ဦးကိုတော့ ဒေသခံအရပ်သားတွေက လယ်ဝေးဆေးရုံကို ပို့ဆောင် ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ယာဉ်တိုက်ခံရတဲ့ အမျိုးသမီးက လည်ပင်းနာနေ သလို အမျိုးသားက ပခုံးရောင်ရမ်းလို့ ကုသခဲ့ရပါတယ်။

ယာဉ်တိုက်ခံရတဲ့ မော်တော်ဆိုင်ကယ်ကို လယ်ဝေးမြို့နယ်ရဲစခန်းမှာ သိမ်းဆည်း ထားပေမယ့် အမှုမဖွင့်ပေးဘဲ ကြန့်ကြာနေဆဲ ဖြစ်ပါတယ်၊ ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာရဲ့ အရှေ့ဘက်ခြမ်းက လယ်ဝေးမြို့နယ်အပိုင်၊ ယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာရဲ့ အနောက်ဘက်ခြမ်းက ဒက္ခိဏသီရိမြို့နယ်အပိုင် ဖြစ်တဲ့အတွက် မြို့နယ်ရဲစခန်းနှစ်ခုက သူ့စခန်းအပိုင်မှာ ငါ့စခန်းအပိုင်မှာ ဖြစ်တာဆိုပြီး အပြန်အလှန် တာဝန်မယူတဲ့အတွက် ဘယ်စခန်းမှာမှ အမှုမဖွင့်ရသေးဘဲ ဖြစ်နေပါတယ်။

ခုချိန်မှာ ဦးဌေးဝင်းက ယာဉ်တိုက်ခံရတဲ့ လူငယ်နှစ်ဦးကို လျော်ကြေးပေးပြီး ကျေအေးနိုင်ဖို့ လိုက်လံ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013