Home
မြန်မာသတင်း
လက်ပံတောင်းပစ်ခတ်မှု မလွှဲမရှောင်သာလို့ လုပ်ခဲ့တာဟု မြို့နယ်မှူး ပြော
DVB
·
March 27, 2017
လက်ပံတောင်းအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး မလွှဲမရှောင်သာ ပစ်ခတ်ခဲ့ရတာဖြစ်ပြီး ရွာသား အယောက် ၅၀ ကို ပုဒ်မ ၄ ခုနဲ့ တရားစွဲထားတယ်လို့ ဆားလင်းကြီးမြို့နယ်ရဲမှူးဌေးဝင်းက ပြောကြားလိုက်ပါတယ်။ မတ်လ ၂၇ ရက်နေ့က မြို့နယ် စီမံခန့်ခွဲမှုကော်မတီရုံး ငွေသာခန်းမမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို အခုလို ပြောဆိုလိုက်တာပါ။ ပစ်မိန့်ကို ဘယ်သူကမှ ပေးခဲ့တာ မဟုတ်ဘဲ ကျင့်ထုံးဥပဒေပုဒ်မ ၁၂၇၊ ၁၂၈၊ ၉၆ကနေ ၁၀၆ ထိ ကာကွယ်ခုခံပိုင်ခွင့်တွေအရ ဆောင်ရွက်ခဲ့တာဖြစ်ပြီး မိုးကြိုး ၃ ရွာက ရွာသူ ရွာသား အယောက် ၅၀ ကိုတော့ အသက်အန္တရာယ်နဲ့ ကြုံလာရင် ပြန်လည်ခုခံပိုင်ခွင့်ရှိတဲ့အတိုင်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၄၃ ဥပဒေနဲ့ ဆန့်ကျင်တဲ့ အစုအဝေးပြုလုပ်မှု၊ ၃၃၃- တာဝန်ထမ်းဆောင်နေစဉ် ကိုယ်ထိလက်ရောက်ပြုမှု၊ ရဲကားမှန်တွေ ကွဲခဲ့တဲ့အတွက် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ၆/၁၊ ငြိမ်းစုစီ ပုဒ်မ ၁၉ စတဲ့ ပုဒ်မ ၄ ခုနဲ့ အခင်းဖြစ်ပွားရာနေ့ကတည်းက အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ ဒေသခံတွေကတော့ လာရောက်တိုင်တန်းတာ၊ အကြောင်းကြားတာ မရှိဘူးလို့ ဆိုပါတယ်။ ရွာသားတွေကို ခြောက်လှန့်ပစ်ခတ်တဲ့အထဲမှာ ကျည်အစစ်က မိုးပေါ်ထောင်ပစ်ခဲ့တာဖြစ်ပြီး ရွာသားတွေကိုတော့ လူစုခွဲရာမှာသုံးတဲ့ တကြိမ်ကို ၁၂ ချက်ပစ်ခတ်နိုင်တဲ့ ၁၂ မမသေနတ်ကို တူရကီနိုင်ငံထုတ် ရာဘာကျည်ဆန်တွေနဲ့ စုစုပေါင်း ၆ ချက်၊ ၆၆တောင့် ပစ်ခတ်ခဲ့ပြီး လူအင်အား များလာတဲ့အတွက် ၃၈ မမ မျက်ရည်ယိုဗုံးနဲ့ ၂ ချက် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သုံးစွဲခဲ့တဲ့ ရဲအင်အားနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ အရာရှိ ၃ ဦးအပါအဝင် ၃၈ ဦးသာ သုံးစွဲခဲ့ပြီး ဒေသခံတွေရဲ့အင်အားကို မခန့်မှန်းနိုင်တာ၊ ပြောက်ကျားစနစ်နဲ့ ပြန်တိုက်တာတွေကြောင့် ခံစစ်အနေနဲ့သာ ဖြိုခွင်းခဲ့ရတာဖြစ်လို့ အင်အားမျှတတယ်လို့ ဆိုပါတယ်။ ဒေသခံတွေရဲ့ပြောပြချက်အရ ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၂၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ရွာသားတွေက လေးခွတွေနဲ့ စတင်ပစ်ခတ်ခဲ့လို့ ပြန်လည်ခုခံခဲ့ရတာဖြစ်ပြီး အီးယူရဲ့ နည်းလမ်းတွေအတိုင်း သုံးစွဲခဲ့တာဖြစ်တယ်။ ဒေသခံတွေရဲ့ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၆ ဦးဒဏ်ရာရတဲ့အပြင် အချုပ်ကားမှန် ၃ချပ်ပါ ကုန်းသီး မှန်ပြီး ကွဲခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ရဲတပ်ဖွဲ့ရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဒေသခံ တွေကတော့ ပြန်လည်တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။ ဒီနေ့အချိန်ထိ ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာက လာရောက်မေးမြန်းဆွေးနွေးတာ မရှိသေးဘူးလို့ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်အလယ်ရွာထိပ်မှာ ဒေသခံ ၂၀၀ လောက်က ဝမ်ပေါင်ကုမ္ပဏီကို တင်သွင်းနေတဲ့ ကျောက်သယ်ကားတွေကို တားဆီးခဲ့လို့ဆိုပြီး လုံခြုံရေးရဲတပ်ဖွဲ့အင်အား ၂၀၀ လောက်က ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့ ညနေ ၅ နာရီလောက်က သေနတ်ပစ်ကာ အကြမ်းဖက်ဖြိုးခွဲခဲ့ပါတယ်။ သေနတ်ပစ်ဖြိုခွဲခဲ့လို့ မိုးကြိုးပြင်တောင်၊ မြောက်၊ အလယ်၊ ဇီးတောရွာတွေက ဒေသခံ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၆ ဦး၊ စုစုပေါင်း  ၁၀ ဦး  သေနတ်ကျည်ဆန်ထိမှန်ဒဏ်ရာရခဲ့ပါတယ်။ သတင်း - အောင်ကိုလတ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024