စစ်တွေတက္ကသိုလ်မှာ ဆိုင်ကယ်တက္ကစီ ဈေးနှုန်းမြင့်သွားတဲ့အတွက် တက္ကသိုလ်ကျောင်းသားတွေ ဒီကနေ့ နေလယ် ၁၁ နာရီကစပြီး ဆန္ဒပြကြပါတယ်။

ကျောင်းသား ထောင်နဲ့ချီပြီး ကျောင်းဝင်ထဲမှာ ကားခတွေ ဈေးချပေးပါလို့ အော်ဟစ် ဆန္ဒပြကြတဲ့အခါ ဆရာ ဆရာမတွေက ကျောင်းဝင်းကို ပိတ်လိုက်တယ်လို့ ကိုယ်တိုင်ပါဝင်တဲ့ ဆန္ဒပြ ကျောင်းသူတဦးက ပြောပါတယ်။
ဆန္ဒပြတာနဲ့ ပတ်သက်ပြီး တက္ကသိုလ်ကျောင်းသူက “ကျမတို့ ၅ ရက်နေ့ကနေ အတန်းတွေမှာ အစ်ကိုတွေက လိုက်ပြီးတော့ လက်မှတ်ထိုးဖို့ စုဝေးကြပါတယ်ရှင့်။ ၆ ရက်နေ့ ၁၁ နာရီကစပြီးတော့ ကျောင်းဝင်းထဲကနေ ဆန္ဒပြကြပါတယ်။ ဆိုင်ကယ် ကယ်ရီခတ်ခစီက ကြားအောင်လို့ ဆန္ဒပြပါတယ်။ ဆရာဆရာမတွေက ကိုယ့်အခန်းတွေကို ဝင်ကြ ဝင်ကြလို့ ပြောပါတယ်။ အဲဒီတော့ ကျောင်းသားတွေက မဝင်ကြဘဲနဲ့ အော်ဟစ်ပြီး ဆန္ဒပြပါတယ်။ အဝကနေ အော်ကြပါတယ်။ ကားခ ဈေးချပေးပါလို့ အော်ကြပါတယ်။ နောက်ပြီးတော့ ကျောင်းတံခါးဖွင့်ပေးပါလို့ အော်ကြပါတယ်။”
၅ ရက်နေ့မှာ ကျောင်းသားတွေ လက်မှတ်ထိုး စည်းရုံးခဲ့ပြီး ၆ ရက်နေ့မှာ ကျောင်းဝင်အတွင်း ဆန္ဒပြတာလို့ ပြောပြသွားတာပါ။
ဆရာ ဆရာမတွေက ဆန္ဒပြကျောင်းသားတွေကို မိမိတို့ သက်ဆိုင်တဲ့ အခန်းအသီးသီးကို ဝင်ဖို့ ပြောပေမယ့် ကျောင်းသားတွေက အခန်းထဲမဝင်ဘဲ ကျောင်းဝင်အတွင်းမှာပဲ ဆန္ဒပြကြပါတယ်။
၁၁ နာရီကနေ ဆန္ဒပြခဲ့တာ ညနေ ၃ နာရီလောက်မှာ ဆရာ ဆရာမတွေက လူစုခွဲဖို့ ကြိုးစားလာတယ်လို့ ဆန္ဒပြ ကျောင်းသားတွေက ပြောကြပါတယ်။
ဆရာဆရာမတွေ လူစုခွဲဖို့ ကြိုးစားခဲ့တဲ့အကြောင်းကို အဆိုပါ ဆန္ဒပြကျောင်းသူက အခုလို ပြောပါတယ်။
“ကိုယ့်အခန်း ကိုယ်ဝင်ကြ၊ သွားကြဆိုပြီးတော့ ပြောပါတယ်။ မဝင်ဘူး အခန်းထဲကို လုံးဝမဝင်ဘူးလို့ ပြောကြပါတယ်။ ဆရာမက ဝင်ဖို့ အဓမ္မပြောပါတယ်။ သမီးတို့က မဝင်ဘူးလို့ ပြောပါတယ် ကိုယ့်နေရာနဲ့ ကိုယ်နေကြပါတယ်။ ဆရာ ဆရာမတွေက အကုန်လုံး အဝတွေမှာ ရပ်ပြီးတော့ ကျောင်းက ဆိုင်ကယ်တက်ခစီတစီးကို အဝမှာ ရပ်ပြီးတော့ ၅ ယောက်ဆို ၅ ယောက်၊ ၁၀ ယောက်ဆို ၁၀ ယောက် တင်ပေးပါတယ်။ ဒါပေမယ့် တင်ပြီးတော့ ကျောင်းသားတွေက အကုန်လုံး ခုန်ဆင်းကြပါတယ်။ နောက်ပြီးတော့ ဆရာ ဆရာမတွေ ဆင်းပြီး အဓမ္မ ခေါ်သွားပါတယ်။ ခေါ်သွားတော့ ကျောင်းသားတွေက အကုန်လုံး ခုန်ဆင်းကြတယ်။ ဆီဈေး ကျဖို့အတွက်ကို တောင်းဆိုချင်ပါတယ်။”
အစိုးရက ဓာတ်ဆီဈေးနှုန်းကို မြင့်လိုက်တဲ့အတွက် ဆိုင်ကယ်တက္ကစီခ ၁၀၀ ကျပ်ကနေ ၂၀၀ ကျပ်ဖြစ်သွားလို့ ကျောင်းသားတွေ ဆန္ဒပြကြတယ်လို့လည်း ပြောပါတယ်။
“ဆိုင်ကယ်ကယ်ရီက ၂၀၀ ဆိုတော့ သမီးတို့မှာ ဘယ်လိုမှ မတက်နိုင်ပါဘူး။ သမီးတို့ မုန့်ဖိုးက ၅၀၀ ပဲ ရတာပါ။ မုန့်ဖို့က ၅၀၀ ဆိုင်ကယ် ကယ်ရီခက အသွားအလာ ၄၀၀ ဆိုတော့ သမီးတို့အနေနဲ့ မုန့်စားဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး အဲဒါကြောင့် ဆန္ဒပြတာပါ။”
လုံခြုံရေးတပ်ဖွဲ့တွေတော့ တက္ကသိုလ်အနီးကို လာရောက်တာ မတွေ့ရဘူးလို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။ ဒီဗွီဘီက ညနေ ၄ နာရီ လောက်အထိ ဆက်သွယ်ခဲ့ရာမှာ ကျောင်းသား ၂၀၀၀ လောက် စစ်တွေတက္ကသိုလ် ဝင်းထဲမှာ ဆက်ရှိသေးတယ်လို့လည်း သိရပါတယ်။