A d v e r t i s e m e n t With Us

ကြား​ဖြတ်​ရွေး​ကောက်ပွဲအတွက် အန်ဒီအက်ဖ် အကြို ​ဆွေး​နွေး

လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ်​တွေအတွက် ဝင်ပြိုင်နိုင်ဖို့​ ပြည်နယ်နဲ့​တိုင်း​အစည်း​အ​ဝေး​ကို အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီ (အန်ဒီအက်ဖ်) က ဒီက​နေ့​ အကြို ​ဆွေး​နွေး​ညှိနှိုင်း​မှု ပြုလုပ်ပါတယ်။ ဧရာဝတီတိုင်း​နဲ့​ ပဲခူး​တိုင်း​က ဝင်​ရောက် ယှဉ်ပြိုင်မယ့်​ တိုင်း​ဒေသကြီး​အလိုက် ပါတီဝင် ကိုယ်စား​လှယ်​တွေနဲ့​ မင်္ဂလာ​တောင်ညွန့်​မြို့​နယ် အန်ဒီအက်ဖ် ပါတီရုံး​ချုပ်မှာ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ကြတာပါ။ “လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ တိုင်း​ဒေသကြီး​အလိုက် လစ်လပ်တဲ့​ ​နေရာ​တွေ ရှိတယ်​ပေါ့​ဗျာ။ အဲဒီရှိတဲ့​နေရာမှာ ဘယ်သူ​တွေ ဝင်ကြမလဲ၊​ ဘယ်သူ​တွေ ဝင်နိုင်မယ်​ပေါ့​။ အဲဒီအ​ပေါ်မှာ အကြို​ဆွေး​နွေး​ ​ပြောဆိုတာပါ။ ​နောက်တဆင့်​ အပြီး​သတ် ​ဆွေး​နွေး​ဖို့​ ကျန်ပါ​သေး​တယ်” လို့​ ပဲခူး​တိုင်း​ဒေသကြီး​ သနပ္ပင် မဲဆန္ဒနယ်မှာ ဝင်​ရောက်ယှဉ်ပြိုင်မယ့်​ ဦး​အောင်မျိုး​ဝင်း​က ​ပြောသည်။ တနိုင်ငံလုံး​ အတိုင်း​အတာနဲ့​ လာမယ့်​ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ လစ်လပ်​နေရာ ၄၈ ​နေရာရှိပြီး​ အန်ဒီအက်ဖ်အ​နေနဲ့​ ၁၇ ​နေရာ​လောက် ဝင်​ရောက် ယှဉ်ပြိုင်ဖို့​ လျာထား​တယ်လို့​ သိရပါတယ်။ ပြီး​ခဲ့​တဲ့​ ​ရွေး​ကောက်ပွဲမှာ ၁၆ ​နေရာ အနိုင်ရရှိထား​တဲ့​ အန်ဒီအက်ဖ်အ​နေနဲ့​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲမှာ အရင်ပါတီ​ဟောင်း​ အန်အယ်လ်ဒီပါတီနဲ့​ အပြိုင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပြီး​ခဲ့​တဲ့​ ​ရွေး​ကောက်ပွဲတုန်း​ကလိုပဲ အခုလည်း​ တိုင်း​ဒေသကြီး​ လွှတ်​တော်ကို ဝင်​ရောက် ယှဉ်ပြိုင်ဖို့​ မရှိဘူး​လို့​လည်း​ ဆိုပါတယ်။ ဝင်​ရောက် ယှဉ်ပြိုင်မယ့်​ ပါတီကိုယ်စား​ပြု ကိုယ်စား​လှယ်​တွေအ​နေနဲ့​ ​ရွေး​ကောက်ပွဲမှာ ကုန်ကျမယ့်​ အသုံး​စရိတ်တချို့​နဲ့​ ပတ်သက်ပြီး​ ကိုယ်စား​လှယ်​လောင်း​ တချို့​က ပါတီက ကျခံရန်လည်း​ ထည့်​သွင်း​ပြောဆို ​ဆွေး​နွေး​သွား​ခဲ့​တယ်လို့​ ဆိုပါတယ်။ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဝင်​ရောက် ယှဉ်ပြိုင်မယ့်​ ပါတီ ကိုယ်စား​လှယ် ​လောင်း​တွေကို ဇန်နဝါရီ ၁၆ ရက်က​နေ ၃၀ ရက်အတွင်း​ အပြီး​ စာရင်း​ပေး​သွင်း​ရမှာ ဖြစ်​ကြောင်း​ ​ရွေး​ကောက်ပွဲ​ကော်မရှင်က ​ကြေညာထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up