ပါလက်စတိုင်းကားသမားကို အစ္စရေးရဲ ကန်ကြောက် ရိုက်နှက်သည့်ရုပ်သံ ဖြန့်ချိ

အစ္စရေးရဲတစ်ဦးက လော်ရီကားဒရိုင်ဘာ ပါလက်စတိုင်းတဦးကို ရိုက်နှက်ကန်ကြောက်ခဲ့တဲ့ ရုပ်သံထွက်လာပြီးနောက် အစ္စရေးရဲကို တာဝန်မှ ခေတ္တရပ်နားလိုက်ပါတယ်။ လော်ရီကားကြောင့် သူ့ရဲ့ကားထိခိုက်ပျက်စီးတယ်လို့ စွပ်ဆွဲပြီး လော်ရီဒရိုင်ဘာကို ရဲက အော်ဟစ်ရိုက်နှက်ခဲ့တဲ့ ရုပ်သံဖိုင်ကို  မေရာရဲ့ မတ်လ ၂၄ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။ ရုပ်သံဖိုင်ထဲမှာတော့ ရဲက လော်ရီကားဒရိုင်ဘာရဲ့ ဦးခေါင်းကို ရိုက်နှက်၊ ပါးရိုက်၊ အဲ့ဒီနောက် ဗိုက်ကို ကန်ခဲ့တာကို တွေ့ရပါတယ်။ လော်ရီဒရိုင်ဘာကတော့ ပြန်တုံ့ပြန်မှုမပြုခဲ့ဘဲ ရဲရဲ့ဆက်တိုက်ထိုးကြိတ်မှုတွေအား ရှောင်နေတာကို အခြားဘေးကကြည့်နေသူတွေက အထိတ်တလန့်ဖြစ်ပြီး အခြေအနေကို တည်ငြိမ်အောင် ကြားဝင်ဖျန်ဖြေပေးပေမယ့် ရဲက အဲ့ဒီလူတွေဘက်လှည့်ပြီး ရိုင်းပျစွာတုံ့ပြန်နေတာကို မြင်ရပါတယ်။ ဂျေရုဆလင်အရှေ့ဘက် အာရပ်နယ်မြေ ဝါဒီဂျိုဇီက ပြည်ထဲရေးဌာနနားရှိ ကားရပ်နားရာနေရာမှာ ပါလက်စတိုင်းလူမျိုးတဦးက ဒီရုပ်သံကို ရိုက်ကူးခဲ့တာပါ။ ရုပ်သံရိုက်ကူးခဲ့သူက လူမှုကွန်ရက်စာမျက်နှာပေါ် ဒီရုပ်သံကို ဖြန့်ခဲ့ပြီးနောက် အစ္စရေးပြည်သူ့ရေဒီယိုကိုလည်း ပို့ခဲ့တာပါ။ အဲဒီနောက် ရုပ်သံကို အထက်ရဲအရာရှိတွေက မြင်တွေ့ပြီး ဒီိအကြောင်းစုံစမ်းစစ်ဆေးကာ ရိုက်နှက်ခဲ့တဲ့ ရဲအရာကို အလုပ်က ရပ်နားခဲ့တယ်လို့ သိရပါတယ်။ အစ္စရေးရဲတပ်ဖွဲ့ကလည်း ဒီတိုက်ခိုက်မှုကို ဝေဖန်လိုက်ပြီး ရိုက်နှက်ခဲ့တဲ့ရဲကို ဆင့်ခေါ်ကာ ချက်ချင်း အလုပ်က ခေတ္တရပ်နားခဲ့ကြောင်း စာထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေးနိုင်ငံ လူထုလုံခြုံရေး ဝန်ကြီး ဂီလက်ဒ်အာဒန်ကလည်း ဒီဖြစ်ရပ်ကို ဝေဖန်ရှုတ်ချကာ “ဒါက အလေးအနက်ကိစ္စ၊ ရှက်စရာကိစ္စဖြစ်တယ်” လို့ ပြောလိုက်ပြီး ရဲတပ်ဖွဲ့တစ်ခုလုံးကို ထိခိုက်စေတယ်လို့ ဝေဖန်ပြောဆိုကြောင်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up