ငပလီကမ်းခြေရှိ အများပိုင်​​မြေကို ငှားရမ်းထားမှု ​ဖျက်​သိမ်း​ပေးရန် ဆန္ဒထုတ်​​ဖော်

ရခိုင်ပြည်နယ်၊ ငပလီမြို့၊ ငပလီကမ်းခြေ၊ ဇီးဖြူကုန်းရပ်ကွက်မှာရှိတဲ့ အများပိုင် မြေဧရိယာကို ကိုယ်ကျိုးအတွက် ငှားရမ်းရောင်းစားထားတာကြောင့် အရေးယူပေးဖို့နဲ့ ဖျက်သိမ်းပေးဖို့ ဒေသခံတွေ ဆန္ဒပြတောင်းဆိုလိုက်ပါတယ်။ မတ်လ ၂၄ ရက် နေ့လယ်ပိုင်းက ငပလီမြို့ဒေသခံ ၇၀ လောက်က အများပြည်သူပိုင်ဆိုင်တဲ့ မြေဧရိယာကို ကိုယ်ကျိုးအတွက် ငှားရမ်းရောင်းစားထားလို့ အရေးယူပေးဖို့နဲ့ ဖျက်သိမ်းပေးဖို့ အခုလို ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ဒီဆန္ဒထုတ်ဖော်မှုကို သံတွဲခရိုင်ငပလီမြို့ တောင်သူလယ်သမားသမဂ္ဂက ဦးဆောင်ပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒေသခံပြည်သူတွေ ဆန္ဒမပါဘဲ ဆောက်လုပ်ထားတဲ့ ပလပ်ဧရိယာအတွင်းရှိ ဆိုင်ခန်းတွေ ပြန်လည်ဖျက်သိမ်းရေး(ဒို့အရေး) ခရိုနီဝါဒ (အလိုမရှိ) ရေ (၁)ယူနစ် (၃၅)ကျပ် နှုန်းရရှိရေး (ဒို့အရေး) ဥပဒေနှင်အညီ လူ့အခွင့်အရေးရရှိရေး (ဒို့အရေး) စတဲ့ကြွေးကြော်သံတွေ ပိုစတာ၊ ဗွီနှိုင်း စတာတွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာပါ။ အဲဒီမြေဧရိယာကွင်းဟာ အရှည် ၁၉၀ အနံ ၁၂၅ ပေ ရှိပြီးတော့ အဲဒီမှာ ကလေးအားကစားကွင်း၊ ဘောလီဘော စတဲ့ ကစားကွင်းတခုဖြစ်ခဲ့ပြီး မကြာသေးခင်က သက်ဆိုင်ရာ တာဝန်ရှိသူတွေက အများပြည်သူ အပန်းဖြေနေရာ အဖြစ်ကို ပြောင်းလဲလွှဲအပ်ပေးတာပါ။ အခုလို ငှားရမ်းရောင်းစားထားတဲ့အပေါ် ပြည်နယ်အစိုးရ၊ ခရိုင်နဲ့ မြို့နယ် ထွေအုပ်တို့ကို လက်မှတ်ကောက်ခံပြီး တိုင်ကြားထားပေမယ့် ထူးခြားမှုတစုံတရာဖြစ်မလာလို့ အခုလိုအရေးယူပေးဖို့ ဆန္ဒပြတောင်းဆိုရတာလို့ ဆန္ဒပြဦးဆောင်သူတွေက ပြောပါတယ်။ သတင်း၊ ဓာတ်ပုံ-ဝဏ္ဏခွာညို

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up