A d v e r t i s e m e n t With Us

မြန်မာ​နေရှင်နယ်လိဂ် အသင်း​များ​ရဲ့​ ကြိုတင်ပြင်ဆင်မှုအ​ခြေအ​နေ

၂၀၁၂ မြန်မာ​နေရှင်နယ်လိဂ်ပြိုင်ပွဲကို ဇန်နဝါရီလ ၇ ရက်​နေ့​မှာ စတင် ကျင်း​ပ​တော့​မှာ ဖြစ်ပါတယ်။ အသင်း​သစ် နှစ်သင်း​တိုး​လာတာ​ကြောင့်​ မြန်မာ​နေရှင်နယ် လိဂ်ဟာ အသင်း​ပေါင်း​ ၁၄ သင်း​နဲ့​ ယှဉ်ပြိုင်ကစား​ကြမှာပါ။ ပထမဆုံး​အကြိမ်အဖြစ် ​အောက်ဆုံး​ နှစ်သင်း​ တန်း​ဆင်း​ရမယ့်​စနစ်ကို ကျင့်​သုံး​ဖို့​ စီစဉ်ထား​ခြင်း​က ၂၀၁၂ မြန်မာ​နေရှင်နယ်လိဂ် ပြိုင်ပွဲရဲ့​ ထူး​ခြား​ချက်လို့​ ဆိုနိုင်ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်း​က လက်ရှိချန်ပီယံဖြစ်ပြီး​ ၂၀၁၁ ပြိင်ပွဲမှာ ဧရာဝတီယူနိုက်တက်က ဒုတိယ၊​ ​ဇေယျာ​ရွှေ​မြေအသင်း​က တတိယ ရရှိခဲ့​ကြပါတယ်။ လာမယ့်​၂၀၁၂ ပြိုင်ပွဲရဲ့​အလား​အလာကို ကြိုတင် သုံး​သပ်နိုင်ဖို့​ ပြိုင်ပွဲအသင်း​ ၁၄ သင်း​ရဲ့​ ကြိုတင်ပြင်ဆင်မှု အ​နေအထား​တွေကို သုံး​သပ် တင်ပြလိုက်ရပါတယ်။ ရန်ကုန်ယူနိုက်တက် ယခုနှစ်ပြိုင်ပွဲအတွက် ရန်ကုန်ယူနိုက်တက်အသင်း​ဟာ နိုင်ငံခြား​သား​ကစား​သမား​တွေ အ​ပြောင်း​အလဲ ပြုလုပ်ထား​တယ်။ နိုင်ငံခြား​သား​ ကစား​သမား​ခေါ်ယူမှု အဖြစ် ဆား​ဘီး​ယား​တိုက်စစ်မှူး​မီလန်နဲ့​ ကွင်း​လယ်လူ မလာဒန်၊​ မက်ဆီဒိုး​နီး​ယား​ ​နောက်ခံလူ နီကိုလာတို့​ကို ​ခေါ်ယူထား​ပြီး​ ဧရာဝတီအသင်း​မှ ​နောက်တန်း​အတွင်း​လူ မျိုး​ဝင်း​ထွဋ် ကိုလည်း​ ​ခေါ်ယူနိုင်ခဲ့​တယ်။ ဒါ​ပေမယ့်​ ကွန်မြူနတီဒိုင်း​မှာ ရန်ကုန်တို့​ခြေစွမ်း​မပြနိုင်​သေး​ဘဲ ဧရာဝတီယူနိုက်တက်ကို ပင်နယ်တီအဆုံး​အဖြတ်မှာ ရှုံး​ချက်နာခဲ့​တယ်။ အထူး​သဖြင့်​ ရန်ကုန်ယူနိုက်တက်ရဲ့​ ဗဟိုခံစစ်အတွဲနဲ့​ဂိုး​သမား​တို့​ တည်ငြိမ်မှု အား​နည်း​နေ​သေး​လို့​အချိန်မီပြုပြင်နိုင်ဖို့​လိုအပ်​နေပါတယ်။ ရန်ကုန်ယူနိုက်တက်အ​နေနဲ့​ နဲ့​ခံစစ်ပိုင်း​တောင့်​တင်း​အောင် တည်​ဆောက်နိုင်မယ် ဆိုရင်​တော့​ ချန်ပီယံဘွဲ့​ကို ကာကွယ်နိုင်မယ့်​ အခွင့်​အလမ်း​ကောင်း​တွေ ရှိ​နေတာအမှန်ပါ။ ဧရာဝတီယူနိုက်တက် ဧရာဝတီယူနိုက်တက်အသင်း​ဟာ ပြီး​ခဲ့​တဲ့​ ရာသီက ​ခြေစွမ်း​ပြခဲ့​တဲ့​ တိုက်စစ်မှူး​ ဂျူပီတာနဲ့​ ​နောက်ခံလူ ဂျွန်တိုကို ဆက်​ခေါ်ထား​ပြီး​ ဆလိုဗက်ကီး​ယား​ ကွင်း​လယ်ကစား​သမား​တ​ယောက် အသစ်​ခေါ်ယူ အား​ဖြည့်​ခဲ့​ပါတယ်။ မျိုး​ဝင်း​ထွဋ်နဲ့​မင်း​မင်း​ထွန်း​တို့​ကို​တော့​ ဒီရာသီမှာ လက်လွှတ်လိုက်ရတယ်။ ပြည်တွင်း​ကစား​သမား​ ​ခေါ်ယူမှုအဖြစ် ထင်​ကျော်​အောင် (ဇွဲကပင်)၊​ ​ကျော်​ဇေယျာမင်း​ (ရတနာပုံ)၊​ နိုင်နိုင်လင်း​ (ဟံသာဝတီ)၊​ နိုင်လင်း​ဦး​တို့​နဲ့​ အား​ဖြည့်​နိုင်ခဲ့​တယ်။ ဧရာဝတီယူနိုက်တက်ရဲ့​ အဓိက အား​နည်း​ချက်က အရန်အင်အား​နည်း​ပါး​မှုပါ။ အဓိက ပြိုင်ပွဲ၃ ရပ် ယှဉ်ပြိုင်ဖို့​ရှိ​နေတာ​ကြောင့်​ အရန်အင်အား​နည်း​ပါး​တဲ့​ ဧရာဝတီယူနိုက်တက် ပြီး​ခဲ့​တဲ့​နှစ်ကလို ရလဒ်​တွေ​ကောင်း​ဖို့​အတွက် ခက်ခက်ခဲခဲ ရုန်း​ကန်ရမယ့်​ အ​နေအထား​ဖြစ်ပါတယ်။ ဇေယျာ​ရွှေ​မြေ ပြီး​ခဲ့​တဲ့​ရာသီမှာ တတိယ ရထား​တဲ့​ ​ဇေယျာ​ရွှေ​မြေအသင်း​ရဲ့​အ​နေအထား​က အနည်း​ငယ်အား​နည်း​သွား​တယ်လို့​ဆိုနိုင်ပါတယ်။ နိုင်ငံခြား​သား​ ကစား​သမား​ လူ​ဟောင်း​တွေ ​နေရာမှာ မာတင်နဲ့​ဆာဆာကို အား​ဖြည့်​ခဲ့​တယ်။ ​ရွှေလှိုင်ဝင်း​နဲ့​ ​ဇော်ထက်​အောင်တို့​ကို ဆုံး​ရှုံး​ခဲ့​ပြီး​ မ​ကွေး​အသင်း​တိုက်စစ်မှူး​ စည်သူဝင်း​ကို ပြန်​ခေါ်နိုင်ခဲ့​တယ်။ နည်း​ပြချုပ် စတီဗင်ဟန်ဆန်လည်း​ မရှိ​တော့​ဘဲ လက်​ထောက်နည်း​ပြ ဦး​စိုး​မိုး​က နည်း​ပြချုပ်အဖြစ်တာဝန်ယူမှာပါ။ ​ဇေယျာ​ရွှေ​မြေရဲ့​ အ​နေအထား​ဟာ ချန်ပီယံဖြစ်ဖို့​အခွင့်​အလမ်း​နည်း​ပြီး​ မနှစ်ကထက် အဆင့်​ကျမသွား​အောင် အဓိက ရုန်း​ကန်ရမယ့်​နေအထား​ ဖြစ်ပါတယ်။ က​မ္ဘောဇအသင်း က​မ္ဘောဇအသင်း​ရဲ့​ဒီရာသီအ​နေအထား​က စိတ်ဝင်စား​စရာပါ။ အသင်း​မူဝါဒကို အ​ပြောင်း​အလဲပြုလုပ်ပြီး​ နိုင်ငံခြား​သား​ကစား​သမား​တွေ ​ခေါ်ယူထား​ပါတယ်။ ရန်ကုန်ယူနိုက်တက် ​နောက်ခံလူ​ဟောင်း​ ဟန်ဆန်ကို စာချုပ်ချုပ်ဆိုထား​ပြီး​၊​ ဥဿာ တိုက်စစ်မှူး​ လစ်ပီနွှဲ့​ ရန်ကုန်ကွင်း​လယ်လူ​ဟောင်း​ ဆန်ဂျလို တို့​ကို ​ခေါ်ယူဖို့​နီး​စပ်​နေတယ်။ ပြည်တွင်း​ကစား​သမား​စုဖွဲ့​မှုမှာ လက်​ရွေး​စင်ကစား​သမား​ အများ​အပြား​ ရှိ​နေလို့​တောင့်​တင်း​တဲ့​ အ​နေအထား​ဖြစ်ပါတယ်။ ဝါရင့်​နည်း​ပြကြီး​ ​အေး​မောင်ကြီး​က နည်း​ပြချုပ်အဖြစ် ပြန်လည်တာဝန်ယူမှာဖြစ်ပြီး​ ၂၀၁၂ မြန်မာ​နေရှင်နယ်လိဂ်မှာ ရန်ကုန်ယူနိုက်တက်အသင်း​ဆီက ချန်ပီယံဆုကို အဓိက ခြိမ်း​ခြောက်မယ့်​ စိန်​ခေါ်သူ နံပါတ် ၁ အသင်း​အဖြစ် သတ်မှတ်ချင်ပါတယ်။ ချန်ပီယံ​ဟောင်း​ ရတနာပုံ နှင့်​ ပြင်ဆင်မှု​ကောင်း​သော ​နေပြည်​တော် မြန်မာ​နေရှင်နယ်လိဂ်ရဲ့​အ​အောင်မြင်ဆုံး​ ရတနာပုံအသင်း​ဟာ ပြီး​ခဲ့​တဲ့​ ရာသီက အဆင့်​ ၉ သာရခဲ့​လို့​ပြုပြင်​ပြောင်း​လဲမှု အများ​အပြား​ လုပ်ထား​ပါတယ်။ ဘယ်လ်ဂျီယံလူမျိုး​ နည်း​ပြချုပ် ရိုဟန် ​နေရာကို ဘရာဇီး​သား​ ​ဘော်ရယ်ဂျီယို နဲ့​အစား​ထိုး​ထား​တယ်။ နိုင်ငံခြား​သား​ ကစား​သမား​တွေ အ​ပြောင်း​အလဲလုပ်ထား​ပြီး​ ပြည်တွင်း​ ကစား​ကောင်း​အချို့​လည်း​ ​ခေါ်ယူထား​တယ်။ ရက္ခပူရ အသင်း​က သုထက်ပိုင်၊​ ဥဿာအသင်း​မှ နီ​မောင်​မောင်​အောင်နဲ့​ ​ကျော်စိုး​လွင်၊​ မ​နော​မြေ အသင်း​ဂိုး​သမား​ မွန်ထရယ်​အောင်၊​ မြန်မာ ယူ-၁၉ အသင်း​ခေါင်း​ဆောင် ဖြိုး​မောင်​မောင်​ကျော်တို့​ကို ​ခေါ်ယူထား​တာပါ။ အသင်း​ရဲ့​လက်ရှိ အ​နေအထား​က ဝါရင်နဲ့​ လူငယ်ကစား​သမား​တွေမျှတတဲ့​ အ​နေအထား​မှာ ရှိ​နေတာ​ကြောင့်​ နည်း​ပြသစ် ​ဘော်ရယ်ဂျီယိုသာ မှန်ကန်တဲ့​ ဦး​ဆောင်မှု ​ပေး​နိုင်ခဲ့​မယ်ဆိုရင် ရတနာပုံအသင်း​ ထိပ်ဆုံး​ ၅ ​နေရာ အတွင်း​ ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ နေပြည်​တော်အသင်း​ဟာ နိုင်ငံခြား​သား​ကစား​သမား​တွေမ​ပြောင်း​ဘဲ ပြည်တွင်း​ကစား​သမား​ ၇ ဦး​အထိ ​ခေါ်ယူအား​ဖြည့်​ထား​တယ်။ မြန်မာ့​လက်​ရွေး​စင် ၂ ​ယောက်ဖြစ်တဲ့​ ​ရွှေလှိုင်ဝင်း​နဲ့​ဇော်ထက်​အောင်တို့​ရောက်လာတာက အား​ကိုး​ရမယ့်​ အ​နေအထား​ပါ။ ချန်ပီယံဆုမှန်း​တဲ့​ အသင်း​ကြီး​တွေကို ​နေပြည်​တော်အသင်း​ အဓိက ဒုက္ခ​ပေး​နိုင်စွမ်း​ ရှိ​နေပါတယ်။ အလယ်အလတ်အသင်း​များ​ ဒီရာသီမှာ အလယ်အလတ်အသင်း​တွေရဲ့​ပြင်ဆင်မှု​တွေက အား​ရစရာ သိပ်မရှိပါဘူး​။ ဥဿာနဲ့​ဆောက်သမ်း​တို့​က အသုံး​စရိတ်​တွေ ​လျှော့​ထား​ပြီး​ မ​ကွေး​ကလည်း​ ပြည်တွင်း​ကစား​သမား​ကောင်း​တွေ ​ခေါ်ယူအား​ဖြည့်​နိုင်မှု မရှိခဲ့​ဘူး​။ မ​ကွေး​၊​ဥဿာနဲ့​ဆောက်သမ်း​တို့​အရင်နှစ်​တွေက​လောက် ​ခြေစွမ်း​ပြနိုင်မလား​ ဆိုတာ သံသယရှိစရာပါ။ ဒီ ၃ သင်း​ထက်စာရင် မ​နော​မြေနဲ့​ ရက္ခပူရ အသင်း​တို့​ရဲ့​ ရာသီကြိုပြင်ဆင်မှု အ​နေအထား​တွေက အား​ရစရာ ပို​ကောင်း​ခဲ့​လို့​၂၀၁၂ မြန်မာ​နေရှင်နယ်လိဂ်မှာ အလယ်အလတ်အသင်း​များ​ရဲ့​ ရပ်တည်မှု​တွေ အ​ပြောင်း​အလဲ ဖြစ်သွား​နိုင်ပါတယ်။ ပြီး​ခဲ့​တဲ့​ ​ဘောလုံး​ရာသီ ၂ ခုမှာ ဂိုး​အလှူ ​ပေး​ခဲ့​ရတဲ့​ ဇွဲကပင်ယူနိုက်တက် ဒီရာသီ​တော့​ အ​ခြေအ​နေ အနည်း​ငယ် ပို​ကောင်း​လာနိုင်ပါတယ်။ ဘာ​ကြောင့်​ဆို ဇွဲကပင်ထက် အ​ခြေအ​နေဆိုး​တဲ့​ အသင်း​သစ် ​မောရဝတီနဲ့​ ချင်း​ယူနိုက်တက်တို့​ ပါဝင်လာလို့​ပါ။ အသင်း​သစ် ၂ သင်း​လုံး​မှာ နိုင်ငံခြား​သား​ ​ခေါ်ယူမှုမပြုဘဲ ပြည်တွင်း​ကစား​သမား​စုဖွဲ့​မှူကလည်း​ ပရိုအဆင့်​မမီဘဲ ဖြစ်​နေ​ကြောင်း​ကို ၂၀၁၂ မြန်မာ​နေရှင်နယ်လိဂ် အကြိုအသင်း​များ​ရဲ့​ ပြင်ဆင်မှု​တွေအဖြစ် တင်ပြလိုက်ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up