A d v e r t i s e m e n t With Us

အန်အယ်လ်ဒီပါတီ တရား​ဝင် မှတ်ပုံတင်ခွင့်​ပြုချက်ရပြီ

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် (အန်အယ်လ်ဒီ) ပါတီကို ​ရွေး​ကောက်ပွဲ​ကော်မရှင်က မှတ်ပုံတင် ခွင့်​ပြုချက် ချ​ပေး​လိုက်ပြီလို့​ အန်အယ်လ်ဒီက ​ပြောပါတယ်။ အန်အယ်လ်ဒီပါတီ ​ပြောခွင့်​ရ ဦး​ဥာဏ်ဝင်း​က “ကျ​နော်တို့​ဒီက​နေ့​ခွင့်​ပြုချက်ရပါပြီ။ ဒီက​နေ့​ လက်မှတ်ထိုး​ပြီး​ ရန်ကုန်တိုင်း​ ​ကော်မရှင်ရုံး​မှာ ကျ​နော်သွား​ယူပါတယ်။ မှတ်ပုံတင်အမှတ် ၄၇ ပါ။ ကျ​နော်တို့​က ဒါကို ​စောင့်​မျှော်​နေတာပါ”လို့​ ​ပြောပါတယ်။ ပါတီအ​နေနဲ့​ လာမယ့်​ ဇန်နဝါရီ ၉ ရက်ကစလို့​ တပြည်လုံး​မှာ ဝင်ခွင့်​လျှောက်လွှာ ပုံစံ​တွေ​ပေး​ပြီး​ ပါတီဝင်အသစ်​တွေ လက်ခံမယ်လို့​ဆိုပါတယ်။ NLD ပါတီဟာ လာမယ့်​ ဧပြီလ ၁ ရက်​နေ့​ ကျင်း​ပမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အာဏာရ ကြံ့​ခိုင်​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ပါတီရဲ့​အမာခံနယ်​မြေ ဖြစ်တဲ့​ ​နေပြည်​တော် ၄​နေရာ အပါအဝင် လစ်လပ် ၄၈ ​နေရာလုံး​မှာ ပါဝင်ယှဉ်ပြိုင်မယ်လို့​ကြေညာထား​ပါတယ်။ ပြည်နယ်နဲ့​တိုင်း​တွေမှာ​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ပါတီဝင်​တွေက ကြား​ဖြတ် ​ရွေး​ကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့်​ လွှတ်​တော် ကိုယ်စား​လှယ်​လောင်း​တွေကိုလည်း​ ​ရွေး​ချယ်ဖို့​ ကြိုတင်ပြင်ဆင်​နေကြပါတယ်။ အန်အယ်လ်ဒီပါတီဟာ ​ရွေး​ကောက်ပွဲ ဥပ​ဒေ​တွေကို လက်မခံနိုင်လို့​ ၂၀၁၀ ​ရွေး​ကောက်ပွဲ မဝင်ပြိုင်ခဲ့​ပေမယ့်​ အစိုး​ရက ​ရွေး​ကောက်ပွဲဥပ​ဒေတချို့​ပြင်ဆင်လိုက်ပြီး​နောက်မှာ ပါတီတည်​ထောင်ခွင့်​နဲ့​ပါတီမှတ်ပုံတင်ခွင့်​တွေ ပြန်လည် ​လျှောက်ထား​ခဲ့​ပြီး​ ​ရွေး​ကောက်ပွဲ​တွေမှာ ဝင်ပြိုင်ဖို့​ပြင်ဆင်​နေတာပါ။ ရွေး​ကောက်ပွဲ စည်း​ရုံး​မဲဆွယ်ရာမှာ အနီ​ရောင်​အောက်ခံမှာ ခွပ်​ဒေါင်း​နဲ့​ ကြယ်ပုံပါပြီး​ ​အောက်မှာ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ဆိုတဲ့​ စာတန်း​ပါတဲ့​ အလံနဲ့​ အမှတ်တံဆိပ် သ​င်္ကေတကို အသုံး​ပြုသွား​မယ်လို့​ ​ကြေညာထား​ပါတယ်။ ပါတီ စာ​စောင်နဲ့​ လက်ကမ်း​စာ​စောင်​တွေ ထုတ်​ဝေခွင့်​ရဖို့​တော့​ စာ​ပေစိစစ်​ရေး​မှာ ​လျှောက်ထား​ဆဲ ဖြစ်တယ်လို့​သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up