ဒီတပတ် ဆွေးနွေးမယ့် အကြောင်းအရာကတော့ ‘ပြောင်းလဲချိန်တန်ပြီ’ ဆိုတဲ့ ကြွေးကြော်သံနဲ့ အန်အယ်လ်ဒီအစိုးရဟာ ဒီလထဲမှာ ၁ နှစ် ပြည့်ပါပြီ။ တနှစ်တာအတွင်း အစိုးရရဲ့ လုပ်ဆောင်ချက်များကိုလည်း တချို့ ဝန်ကြီးဌာနအလိုက်၊ ပြည်နယ်နဲ့တိုင်း အလိုက်တွေလည်း နိုင်ငံပိုင်သတင်းစာတွေ၊ မီဒီယာတွေမှာတော့ ဖော်ပြနေပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းနဲ့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးတို့ ဖြစ်ပါတယ်။
ဦးတိုးဇော်လတ် (ဒီဗွီဘီ)
“အထူးသဖြင့် ကောင်းမွန်သောအစိုးရပေါ့နော်။ တိုင်းရင်းသားရေးရာနဲ့ ငြိမ်းချမ်းရေး၊ နောက်ပြီးတော့ လူမှုစီးပွားရေးဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အစိုးရတက်လာတာ ၁ နှစ်ပြည့်ပြီ။ ဒီ ၁ နှစ်အတွင်းမှာ ဘာတွေပြောင်းလဲသွားလဲ။ ဘာတွေလုပ်ဖို့လိုမလဲ။ အဲဒါကို ပထမဆုံး စဆွေးနွေးပေးပါခင်ဗျ။”
ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ)
“ကျနော်မြင်သလောက်ပေါ့လေ။ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ကျနော်တို့နိုင်ငံရဲ့ သမိုင်းမှာ ပြည်သူလူထုကနေ ရွေးကောက်တင်မြှောက်တဲ့ လူအများစုပါတဲ့ လွှတ်တော်တွေ ပေါ်လာတယ်။ အဲဒီလွှတ်တော်တွေကနေ ရွေးကောက်တင်မြှောက်တဲ့ အစိုးရဆိုတာ ပေါ်လာတယ်။ နောက် ပြည်သူလူထုက ယုံကြည်ထောက်ခံမှုကို အပြည့်အဝရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ နေရာကို နိုင်ငံတော်ရဲ့ အက္ခရာစဉ်မှာပေါ့ဗျာ၊ သမ္မတပြီးရင် သူက ဒုတိယမြောက် အရေးအကြီးဆုံးပုဂ္ဂိုလ်အနေနဲ့ ရလာတယ်။ ဒါကိုကြည့်မယ်ဆိုရင်တော့ ကျနော်တို့ ၁၉၆၂ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ မျိုးဆက်အလိုက် သွေး၊ ချွေးတွေ၊ အသက်တွေ၊ ဘဝတွေ ရင်းနှီးမြှုပ်လာတဲ့ အသီးအပွင့် တပိုင်းတစကို ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ မြင်လာရတယ်လို့ ကျနော်ကတော့ မြင်တယ်ဗျ။ နောက်တချက်က ဘာလဲဆိုတော့ လွှတ်တော်ထဲမှာပဲလည်း ၂၅ ရာခိုင်နှုန်း တပ်မတော်သား ကိုယ်စားလှယ်တွေကလည်း ရှိနေတယ်။ အစိုးရအဖွဲ့ရဲ့ အနေအထားကို ကြည့်မယ်ဆိုရင်လည်း အစိုးရအဖွဲ့ထဲမှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးတွေဟာ တပ်မတော်ရဲ့ ဗိုလ်ချုပ်တွေ ဖြစ်နေသေးတယ်။ အဲဒီအခါကျတော့ ပြောမယ်ဆိုရင်တော့ အပြည့်အဝ ဒီမိုကရေစီကို ကိုယ်စားပြုတဲ့ အစိုးရလည်း မဖြစ်သေးဘူး။ ဒါပေမယ့် လွှတ်တော်လည်း မဖြစ်သေးဘူး။ ဒါပေမယ့် အဲဒီအချိန်မှာပဲ ကျနော့်အမြင်ကတော့ ကောင်းမွန်တဲ့အစိုးရဖြစ်အောင် လုပ်နိုင်တဲ့ အခွင့်အလမ်းတွေလည်း ရှိနေတယ်လို့ ကျနော်မြင်တယ်။ ဥပမာအားဖြင့် အစိုးရအဖွဲ့ထဲမှာ ဗဟိုချုပ်ကိုင်မှုတွေကို လျှော့ချနိုင်ဖို့လိုတယ်။ အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက်နဲ့ စည်းရုံးတဲ့အဆင့်၊ ပညာပေးတဲ့အဆင့်၊ အရေးယူတဲ့အဆင့် အဆင့်ဆင့် ဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ ဗဟိုချုပ်ကိုင်မှုကို လျှော့ချတယ်ဆိုတဲ့ နေရာမှာ လက်ရှိအစိုးရအဖွဲ့ထဲမှာရော၊ ဝန်ကြီးဌာနတွေမှာရော အင်မတန်မှ အားနည်းတယ်လို့ မြင်တယ်။ အဲဒီလိုပဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအပိုင်းကို ကြည့်မယ်ဆိုရင်လည်း လွန်ခဲ့တဲ့ ၁ နှစ်အတွင်းမှာ တကယ် အဂတိလိုက်စားမှုကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်တဲ့ အခြေခံကောင်းတွေ တည်ဆောက်ခဲ့မှုအပိုင်းမှာ အားနည်းချက်တွေ အများကြီး ရှိနေသေးတယ်လို့ အဲဒီလိုပဲ သုံးသပ်ပါတယ်။”
ဦးတိုးဇော်လတ် (ဒီဗွီဘီ)
“၁ နှစ်အတွင်းမှာတော့ ဗဟိုချုပ်ကိုင်မှုရယ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ အားနည်းနေသေးတယ်လို့ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သွားပါတယ်။ ဒီချုပ်ဦးဆောင်တဲ့ အစိုးရမှာ နောက်ထပ်တခုကတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးဆိုတာလည်း ပါပါတယ်။ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း ဦးစားပေး လုပ်ဆောင်နေပါတယ်ပေါ့နော်။ အဲဒီတော့ တနှစ်အတွင်းမှာ ဘာတွေလုပ်နိုင်ခဲ့တယ်၊ ဘာတွေလုပ်ဖို့ ကျန်သေးလဲ။ အဲဒါလည်း ဖြည့်စွက်ဆွေးနွေးပေးပါဦး ဆရာ။”
ဦးမောင်မောင်စိုး (တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ)
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ အန်အယ်လ်ဒီအစိုးရ တက်တက်ချင်းကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က တိုင်းပြည်အတွက် အဓိကဆိုပြီးတော့ လိုအပ်တဲ့ အင်စတီကျူးရှင်းတွေဖွဲ့တယ်။ အန်အာရ်ပီစီတို့၊ ငြိမ်းချမ်းရေးကော်မရှင်တို့ ဖွဲ့တယ်။ တချိန်တည်းမှာလည်း သူက ဘာဆက်လုပ်လဲဆိုတော့ ၂၁ ပင်လုံ ပထမအကြိမ် ညီလာခံကို အားလုံးပါဝင်နိုင်ရေးကို ဦးတည်ပြီး ကြိုးစားခဲ့တယ်။ အဲဒီတော့ အန်စီအေ လက်မှတ်ထိုးတဲ့သူတွေရော၊ လက်မှတ်မထိုးတဲ့သူတွေရော တက်နိုင်အောင် လုပ်ခဲ့တယ်။ တပ်မတော်ကနေပြီးတော့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်ရမယ်လို့ ပြောထားတဲ့ မြောက်ပိုင်း ၃ ဖွဲ့ကိုတောင် ညှိနှိုင်းခဲ့သေးတယ်။ တိုက်ရိုက်ညှိနှိုင်းမှုက မအောင်မြင်လို့။ အဲဒီ ၃ ဖွဲ့မပါဘဲ ကျန်တဲ့သူတွေ လူစုံတက်ခဲ့တယ်။ အဲဒီအချိန်အထိက အန်အယ်လ်ဒီအစိုးရတက်ပြီး ၅ လလောက်အတွင်းမှာ တော်တော်သွက်သွက်လက်လက်နဲ့။ လူတွေလည်း မျှော်လင့်ခဲ့တဲ့ ကာလတခု ရောက်ခဲ့တယ်။ ဒါပေမယ့် အဲဒီညီလာခံဖွင့်ပွဲ ပထမနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အန်စီအေထီးရိပ်အောက်မှာ သွားမယ်၊ အန်စီအေ လက်မှတ်ထိုးရမယ်။ ဆိုလိုတာက အန်စီအေ လက်မှတ်ထိုးမှသာ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ရမယ်လို့ ပြောလိုက်တယ်။ အဲဒီအချိန်မှာ စပြီး ပဋိပက္ခဖြစ်လာတယ်။ ပဋိပက္ခဖြစ်လာတဲ့တပိုင်းက အန်စီအေ လက်မှတ်မထိုးတဲ့အဖွဲ့က အုပ်စု ၃ စု ရှိတယ်။ တခုက ကေအိုင်အေ ခေါင်းဆောင်တဲ့ UNFC ၇ ဖွဲ့ဖြစ်တယ်။ သူတို့ကတော့ အန်စီအေမှာ ပြင်ဆင်စရာတွေ လိုတယ်၊ နောက်ဆုံး ပရိုပိုဇယ် လုပ်တာကတော့ အချက် ၉ ချက်လောက် ပြင်စရာလိုတယ်ဆိုတဲ့အဖွဲ့ ဖြစ်တယ်။ ဒုတိယအစုကတော့ ‘ဝ’ နဲ့ မိုင်းလား ဖြစ်တယ်။ သူတို့ကတော့ ငြိမ်းချမ်းရေးယူထားတာ ကြာပြီ။ အဆင့် ၃ ဆင့်နဲ့ သွားမယ်။ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲပြီးသွားရင် နိုင်ငံရေးဆွေးနွေးပွဲသွားမယ်။ အန်စီအေ လက်မှတ်ထိုးစရာ မလိုဘူးဆိုတဲ့ ရပ်တည်ထားတဲ့အဖွဲ့ ဖြစ်တယ်။ တတိယအစုကတော့ ကိုးကန့်၊ တအာင်း၊ ပလောင်နဲ့ အေအေ ဒီ ၃ ဖွဲ့ကိုကျတော့ တပ်က ပထမတော့ လက်နက်စွန့်ဖို့ ပြောထားတယ်။ ၂၀၁၆ ထဲမှာ လက်နက်ကိုင်လမ်းစဉ် စွန့်ရမယ် ပြောထားတယ်။ အဲဒီတော့ ဒီ ၃ ဖွဲ့နဲ့ပတ်သက်လို့တော့ အန်စီအေ ထိုးခွင့်ပေး၊ မပေး ဆိုတာ ဒီနေ့အထိ ရှင်းရှင်းလင်းလင်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အန်အာရ်ပီစီကလည်း ပြောမထားသေးဘူး။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာလုပ်တဲ့ ဗိုလ်ချုပ်မြတ်ထွန်းရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်းပဲ နောက်မှပေါ်တဲ့အဖွဲ့ ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘူးဆိုတဲ့ သဘောမျိုး ပြောခဲ့တယ်။ အဲဒီတော့ အန်စီအေ ထိုးရေးသည် ကြန့်ကြာလာတယ်။ UNFC နဲ့ ဆွေးနွေးတာလည်း အချိန်တွေကြာလာတယ်။ ဖေဖော်ဝါရီလထဲမှာ ပန်ဆန်းမှာ ဆွေးနွေးပွဲတခု ထပ်ပေါ်တယ်။ ဒါ ‘ဝ’ က ခေါင်းဆောင်ပြီး လုပ်တာ။ ‘ဝ’ရယ်၊ မိုင်းလား ပါမယ်။ အန်စီအေ လက်မှတ်ထိုးဖို့ ငြင်းပယ်ထားတဲ့ မြောက်ပိုင်း ၃ ဖွဲ့ ပါလာတယ်။ နောက် ကေအိုင်အေနဲ့ အက်စ်အက်စ်ပီပီ မြောက်ပိုင်းနဲ့ နီးစပ်တဲ့အဖွဲ့တွေ တက်တယ်။ တက်တဲ့အခါကျတော့ သူတို့လမ်းကြောင်းက ဘာဖြစ်လဲဆိုတော့ အန်စီအေထိုးတာ လက်မခံဘူး။ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးမယ်ဆိုတဲ့ လမ်းကြောင်းကို သူတို့က တင်လိုက်တယ်။ အဲဒီတော့ အန်စီအေနဲ့သွားမယ်လို့ ကြေညာထားတာဆိုတော့။ အန်စီအေမှာက နိုင်ငံရေးနဲ့ပတ်သက်တဲ့ အခြေခံမူတချို့ရှိတယ်။ အဓိကကတော့ ငြိမ်းချမ်းရေးဆွေးနွေးရေး လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ အင်စတီကျူးရှင်း ၄ ခုရှိတယ်။ ဒီလိုကြေညာထားတာက အကုန်လုံး အကန့်အသတ်ဖြစ်ကုန်တယ်။ ဒါပေမယ့် အခုက ဘာပြန်ပေါ်လာလဲဆိုတော့ မတ်လ ၃ ရက်နေ့မှာ ငြိမ်းချမ်းရေးကော်မရှင်က ဆွေးနွေးပြီးတဲ့အခါမှာ ဒီပီအန်က အဆိုပြုထားတဲ့ အန်စီအေမှာ ပြင်ဆင် ထပ်ဖြည့်စွက်ရမယ့် အချက် ၉ ချက်ကို မူအရ သဘောတူတယ်လို့ ပြန်ဖြစ်လာတယ်။ ဒါက ၁ နှစ်လောက် ညှိနှိုင်းပြီး အဖြေမပေါ်တဲ့ဟာ။ အခုကျတော့ မူအရ သဘောတူတယ်။ အဲဒါတောင် တိတိကျကျ သဘောတူတာ မဟုတ်ဘူး။ အဲဒီတော့ ဘာဖြစ်သွားလဲဆိုတော့ အန်စီအေ မထိုးသေးတဲ့ ၃ ဖွဲ့ကြားမှာကိုက ဘယ်လို ရှေ့ဆက်သွားရမလဲဆိုတဲ့ဟာ ရှုပ်ထွေးမှုပေါ်နေတယ်။ တဘက်ကလည်း အန်အယ်လ်ဒီအစိုးရအနေနဲ့ ဒါကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ ဒီအဖွဲ့တွေကို ဘယ်လိုသိမ်းသွင်းမလဲဆိုတာ အခုအချိန်မှာတော့ အကျပ်အတည်းကာလတခု ဖြစ်လာတယ်။ ဒါ အန်စီအေ မထိုးရသေးတဲ့အပိုင်း။ အန်စီအေ ထိုးပြီးသားသူတွေမှာလည်း ဘာဖြစ်လဲဆိုတော့ ပထမအကြိမ် ပင်လုံညီလာခံ ပြီးတဲ့အခါမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကရင်တခုပဲ ခွင့်ပြုတယ်။ တနင်္သာရီတိုင်းမှာ ခွင့်ပြုတယ်။ နောက်ပိုင်း ပဲခူးတိုင်းမှာ စခွင့်ပြုတယ်။ ဒါပေမယ့် အဲဒီလို ခွင့်ပြုပြီးတဲ့အချိန်မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ဒုတိယအကြိမ် ပင်လုံညီလာခံ လုပ်မယ်ဆိုပြီး လျာထားလာတဲ့အချိန်မှာ ကန့်ကွက်မှုတွေ ပေါ်လာတယ်။ ဘာလို့လဲဆိုတော့ အန်စီအေ လက်မှတ်ထိုးတဲ့အထဲမှာ အာရ်စီစီအက်စ်ကလည်း အမျိုးသားအဆင့် မလုပ်ရသေးဘူး။ ရခိုင်လည်း မလုပ်ရသေးဘူး။ ချင်းကလည်း လုပ်ခွင့်မပြုဘူး။ အားလုံးက ဒုတိယပင်လုံညီလာခံကို သပိတ်မှောက်မယ်ဆိုတဲ့ အသံတွေ ထွက်လာတယ်။ အဲဒီအချိန်မှာ ပင်လုံညီလာခံကို ထပ်ရွှေ့တယ်။ ပြီးတော့ ချင်းကို ခွင့်ပြုတယ်။ အာရ်စီအက်စ်အက်စ်ကို ခွင့်ပြုတယ်။ အာရ်စီအက်စ်အက်စ်ကို သူတို့ ကျင်းပချင်တဲ့မြို့တွေမှာ ကျင်းပခွင့်မရသေးလို့ တစ်ခံနေတယ်။ အဲဒီတော့ ရခိုင်ကို ကျင်းပခွင့်မပေးသေးဘူး။ အဲဒီတော့ ဆိုလိုတာက အန်စီအေ ထိုးပြီးသားအဖွဲ့တွေမှာလည်း အန်စီအေ လုပ်ငန်းစဉ်ပေါ့။ အန်စီအေ သဘောတူညီတဲ့ လုပ်ငန်းစဉ်တွေ ပြီးပြတ်အောင် မလုပ်သေးဘူး။ ချုံ့ပြီးပြောရရင်တော့ ဒီတနှစ်အတွင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပထမအကြိမ် ပင်လုံညီလာခံအထိ တက်တက်ကြွကြွ ဖြစ်လာခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံ လုပ်ငန်းစဉ်ဟာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောရမှာပဲ။”
အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။