မြန်မာ-ဖိလစ်ပိုင် စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုး
DVB
·
March 21, 2017
မြန်မာနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့အကြား စားနပ်ရိက္ခာဖူလုံရေးနဲ့ စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် ၅ နှစ်သက်တမ်းရှိတဲ့ သဘောတူညီချက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးလိုက်ပါတယ်။
မနေ့က နေပြည်တော်မှာ မြန်မာစိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူနဲ့ ဖိလစ်ပိုင်ဝန်ကြီး အီမန်နျူရယ်ပီနိုးတို့က မြန်မာသမ္မတ ဦးထင်ကျော်နဲ့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုရိုဝါ ဒူတာတေးတို့ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။
ဒီသဘောတူစာချက်နဲ့ ပတ်သက်ပြီး လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာန ဒုညွှန်ကြားရေးမှုးချုပ် ဦးကျော်ဆွေလင်းက “ နှစ်နိုင်ငံသဘောတူညီချက် နားလည်မှုစာချွန်လွှာက စားနပ်ရိက္ခာဖူလုံရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအတွက်ပါ။ အာဆီယံနိုင်ငံတွေထဲမှာ ခုလို ပူးပေါင်းဆောင်ရွက်တာ နည်းပါတယ်’’ လို့ ဒီဗွီဘီကိုပြောပါတယ်။
အဆိုပါ နားလည်မှုစာချွန်လွှာမှာ စိုက်ပျိုးရေး၊ ငါးမွေးမြူရေး၊ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ အစားအစာပြုပြင်ထုတ်လုပ်လုပ်ငန်းတွေ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ဖို့၊ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ နှစ်နိုင်ငံအသိအမှတ်ပြုလက်ခံထားတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေရဲ့ အရည်အသွေးသတ်မှတ်ချက်၊ ထောက်ခံချက်တွေထုတ်ပေးဖို့၊ အပြန်အလှန်အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ဖို့၊ နည်းပညာဖလှယ်ခြင်း လွယ်ကူချောမွေ့စေဖို့၊ တန်ဖိုးမြှင့်ထုတ်ကုန်တွေထုတ်လုပ်နိုင်ဖို့ လိုအပ်တဲ့ ကုန်ကြမ်း ရရှိအောင်ဆောင်ရွက်ဖို့၊ နည်းပညာနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး သင်တန်းတွေ ဆောင်ရွက်ဖို့ ပါဝင်ပါတယ်။
ဒ့ါအပြင် အပြည်ပြည်ဆိုင် ရာဈေးကွက်သို့ တင်ပို့ရောင်းချနိုင်တဲ့ ဟာလာ အစားအစာထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ဖို့၊ သတင်းအချက်အလက် စာရွက်စာတမ်းတွေဖလှယ်ဖို့၊ ဆန်းသစ်တဲ့ တိုးချဲ့ပညာ ပေးနည်းလမ်းတွေဖလှယ်ဖို့၊ ကျွဲ၊ နွား၊ ဆိတ် တိရိစ္ဆာန်တွေအတွက် အစာထုတ်လုပ်ဖို့ စတာတွေ ပါဝင်တယ်လို့လည်း ဒုညွှန်ကြားရေးမှုးချုပ်က ဖြည့်စွက်ပြောပါတယ်။
ဖိလစ်ပိုင်သမ္မတဟာ မြန်မာသမ္မတ ဦးထင်ကျော်နဲ့ရော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နေပြည်တော် သမ္မတအိမ်တော်မှာ မနေ့က သီးခြားတွေ့ဆုံပြီး နှစ်နိုင်ငံ စိုက်ပျိုးရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံစဉ် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်း ခိုင်မာစေရေး၊ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကုန်သွယ်ရေးကဏ္ဍနဲ့ ဒေသနှင့် ကိုက်ညီတဲ့ စပါး မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအပါအဝင် စိုက်ပျိုးရေးကဏ္ဍ၊ အသက်မွေးပညာကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ နည်းပညာ အကူအညီပေးရေး စတာတွေ ဆွေးနွေးခဲ့တယ်လို့ အစိုးရကသတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ အပြန်အလှန် ဆွေးနွေးကြပြီး ဖိလစ်ပိုင် သမ္မတက ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၃သိန်း လှူဒါန်းသွားပါတယ်။
ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးဟာ မနေ့ညက သူ့ရဲ့ ၂ ရက်ကြာ မြန်မာနိုင်ငံ တရားဝင် ချစ်ကြည်ရေးခရီးစဉ်ကို အဆုံးသတ်ပြီး နေပြည်တော်ကနေ ထိုင်းနိုင်ငံကို ဆက်လက်ထွက်ခွာသွားပါတယ်။
သတင်း-ရူပါအောင်ဝင်း