ကိုကိုးကျွန်းအနီး စစ်ရေးလေ့ကျင့်မည်၊ လှေသင်္ဘောများမသွားလာကြရန်သတိပေး
DVB
·
March 17, 2017
ကိုကိုးကျွန်းအနီး ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းဆောင်ရွက်ဖို့ရှိနေတဲ့အတွက် လှေသင်္ဘောတွေ သတ်မှတ်ကာလအတွင်း မသွားလာကြဖို့ တပ်မတော်က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
တပ်မတော်(ရေ)စစ်ရေယာဉ်တွေဟာ မတ် ၂၃ ရက်မှ မတ် ၃၁ ရက်အတွင်း ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းတွေနဲ့ လက်နက်တွေ လေ့ကျင့် ပစ်ခတ်တာတွေ ကိုကိုးကျွန်းရေပြင်မှာ လေ့ကျင့်ဆောင်ရွက်မယ်လို့ဆိုပါတယ်။
လေ့ကျင့်ခန်းဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ဝဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃ဝ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ဝဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄ဝ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅ဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄ဝ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅ဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃ဝ မိနစ်စတဲ့ Coordinates အမှတ်တွေ ဆက်ဆွဲထားတဲ့ ဧရိယာကို သတ်မှတ်ထားတာဖြစ်ပါတယ်။
ဒါ့ကြောင့် လေ့ကျင့်ခန်းဆောင်ရွက်စဉ်ကာလအတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် အဆိုပါဧရိယာမှ ငါးမိုင်ပတ်လည်မှာ သင်္ဘောကြီး/ငယ်တွေ၊ ကုန်တင်စက်လှေ၊ ငါးဖမ်းသင်္ဘောနဲ့ စက်တပ်သမ္ဗန်တွေ ဖြတ်သန်းသွားလာကျောက်ချရပ်နားတာ၊ ငါးဖမ်းတာတွေ မလုပ်ကြဖို့အပြင် လေယာဉ်၊ ရဟတ်ယာဉ်တွေလည်း အမြင့်ပေ ၁၅ဝဝဝ (တစ်သောင်းငါးထောင်)အောက် ဖြတ်ကျော်ပျံသန်းခြင်းမပြုကြဖို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က ထုတ်ပြန်ထားပါတယ်။