ဆန္ဒပြလူအုပ်ကြီးကို ဘင်္ဂလားဒေ့ရှ်ရဲများ မျက်ရည်ယိုဗုံးသုံး ဖြိုခွဲ (ရုပ်သံ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သဘာဝဓာတ်ငွေ့ ဈေးတက်တာကြောင့် မတ် ၁၅ ရက်နေ့က  စွမ်းအင်ဝန်ကြီးဌာနကို ဝိုင်းဝန်းပိတ်ဆို့ ဆန္ဒပြနေတဲ့ ရာနဲ့ချီတဲ့ လူအုပ်ကြီးကို ဘင်္ဂလားဒေ့ရှ်ရဲတွေဟာ မျက်ရည်ယိုဗုံးတွေနဲ့ မီးသတ်ပိုက်တွေသုံးပြီး ဖြိုခွဲခဲ့ပါတယ်။ သဘာဝဓာတ်ငွေ့ဈေးနှုန်းဟာ အခုလမှာ တကြိမ်၊ ဇွန်လမှာတကြိမ်၊ တကြိမ်ကို ပျမ်းမျှ ၂၂ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ဈေးတက်သွားမှာ ဖြစ်ပါတယ်။ ခုလို ရုတ်တရက် ဈေးခုန်တက်သွားတာမျိုး ၂၀၁၅ ခုနှစ်မှာ တကြိမ်ဖြစ်ခဲ့ပါသေးတယ်။ ဆန္ဒပြနေသူတွေကို ဖြိုခွဲရာမှာ ရဲအမြောက်အမြား ဒဏ်ရာရရှိခဲ့ပြီး ဖမ်းဆီးမှုမရှိခဲ့ဘူးလို့ ရဲဌာနက ပြောသလို ဆန္ဒပြသူတွေကလည်း အယောက် ၅၀ လောက် ဒဏ်ရာရရှိခဲ့ပြီး အဖမ်းခံရသူတချို့ ရှိတယ်လို့ ပြောပါတယ်။ ထမင်းဟင်းချက်ဖို့အတွက်နဲ့ ကားတွေမှာ လောင်စာအဖြစ် ကျယ်ကျယ်ပြန့်ပြန့်သုံးနေတဲ့ သဘာဝဓာတ်ငွေ့ဈေး ရုတ်တရက် ခုန်တက်သွားတာကြောင့် တခြားကုန်ပစ္စည်းတွေလည်း ဈေးလိုက်တက်ဖို့ ရှိနေပါတယ်။ ဇွန်လမှာ ဒုတိယအကျော့ ဈေးတက်ပြီးတဲ့နောက်မှာတော့ နောက်ထပ် ၆ လ ဈေးထပ်မတက်ဖို့ လွှတ်တော်က သတ်မှတ်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြည်သူလူထုအတွက် ထောက်ပံ့ကြေး အသုံးစရိတ်တွေကို လျော့ချပြီး လျှပ်စစ်မီးအသုံးပြုခကိုလည်း တိုးမြှင့်သွားဖို့ ရှိပါတယ်။ အဲဒီလို ကုန်ဈေးနှုန်းတွေ တက်လာခြင်းဟာ လူဦးရေ သန်း ၁၆၀ ရှိပြီး ဆင်းရဲတဲ့နိုင်ငံမှာ နေထိုင်စားသောက်စရိတ်အတွက် စိုးရိမ်မှုတွေ တိုးတက်လာစေနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up