စက်သုံးဆီဆိုင် ဆီလှယ်ရာမှ ဆီပေပါများနှင့် ကား ၂ စီး မီးကူးစက်လောင်ကျွမ်းမှုဖြစ်
DVB
·
March 16, 2017
မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ မော်လမြိုင်-ရန်ကုန်ကားလမ်းဘေး၊ သထုံမြို့အဝင်၊ မီးရထားသံလမ်းအနီးရှိ ဘူတာလမ်း၊ အောက်ကျင်းရပ်ကွက်၊ သထုံမြို့နေသူ ဦးအေးဝင်း ပိုင်ဆိုင်တဲ့ ဓာတ်ဆီဆိုင်မှာ မတ်လ ၁၅ ရက်နေ့၊ မွန်းလွဲ ၁ နာရီလောက်က ဆီပေပါတွေနဲ့ ကား၂ စီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဆီအရောင်းတာဝန်ခံ သောင်းထိုက်မိုး ၃၆ နှစ် က ဓာတ်ဆီရောင်းဖို့ ၆ ဂါလံဝင် ပုံးထဲက ၁ ဂါလန်ခွက်ထဲကို ဆီလောင်းထည့်စဉ် ဆီ၊ လေ၊ အပူရှိန်ပွတ်တိုက်မှု (Friction) ကြောင့် ဆီပီပါတွေနဲ့ မော်တော်ယာဉ် ၂ စီး မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုကို တာဝန်ရှိသူတွေနဲ့ ရပ်ကွက်နေ ပြည်သူတွေက မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၂ စီးနဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁ နာရီခွဲလောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သထုံခရိုင် မီးသတ်တပ်ဖွဲ့ရုံးက သိရပါတယ်။
“ဆီဆိုင်က အရောင်းဝန်ထမ်း ကောင်လေး ဆီလှယ်ရာကနေ စပြီးလောင်တာပါ။ ပထမက ဆီတိုင်ကီတွေနဲ့ ဆိုင်ပါ လောင်ရာကနေ ဆိုင်နောက်မှာရှိတဲ့ ကားနှစ်စီးပါ ကူးစက်လောင်တာပေါ့။ ဆိုင်ဝန်ထမ်း ကောင်လေးကိုတော့ ဥပဒေအရ အရေးယူဆောင်ရွက်သွားဖို့ ရှိပါတယ်။” လို့ သထုံခရိုင် မီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြင်ထွန်းက ပြောပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ဓာတ်ဆီဆိုင်အနောက်ရှိ ယာဉ်အမှတ် (3G/2458)၊ Probox အဖြူရောင်ကား ၁ စီး၊ ယာဉ်အမှတ် (5E/6904)၊ Canter အဖြူရောင်ကား ၁ စီး၊ ဓာတ်ဆီ၊ ဒီဇယ် ၁၀ ပေပါခန့်နဲ့ သွပ်မိုး/သွပ်ကာ မြေစိုက် ၂၀x၃၀ ပေ ဆီဆိုင်အဆောက်အဦ ၁ လုံး၊ စုစုပေါင်း ကာလတန်ဖိုး ၆၅ သိန်း ၅ သောင်းကျပ် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ဆီ ပေါ့ဆစွာသုံးစွဲခဲ့တဲ့ သောင်းထိုက်မိုးကို သထုံမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၂၈၅ အရ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း-ယူမင်းစိုး