A d v e r t i s e m e n t With Us

ကျောင်း​သား​နှင့်​ အလုပ်သမား​ မျိုး​ဆက်များ​ ​တွေ့​ဆုံမည်

၁၉၆၂ ခုနှစ်မှ ၂၀၀၇ အတွင်း​ ဖြစ်​ပေါ်ခဲ့​တဲ့​ ​ကျောင်း​သား​နဲ့​ အလုပ်သမား​လှုပ်ရှား​သူ​တွေ ပထမအကြိမ် ​တွေ့​ဆုံကြမယ်လို့​ သိရပါတယ်။ ဇန်နဝါရီလ ၄ ရက်၊​ လွတ်လပ်​ရေး​နေ့​ မနက်ပိုင်း​မှာ ရန်ကုန်၊​ မရမ်း​ကုန်း​မြို့​နယ်၊​ ရှစ်မိုင်လမ်း​ဆုံက ​ပေါက်​စေတီ​ကျောင်း​တိုက်မှာ ​တွေ့​ဆုံကြမှာ ဖြစ်ပါတယ်။ အခုလို​တွေ့​ဆုံဖို့​လုပ်ရတဲ့​ အဓိကကျတဲ့​ အ​ကြောင်း​ရင်း​နှစ်ခုရှိတယ်လို့​ စီစဉ်သူတဦး​ဖြစ်တဲ့​ ၁၉၇၄ ​ကျောင်း​သား​လှုပ်ရှား​မှုမှာ ပါဝင်ခဲ့​သူ ဦး​ရာ​ကျော်က ​ပြောပါတယ်။ “ကျ​နော်တို့​ အသက်​တွေကလည်း​ ၆၀ တန်း​တွေ​ပေါ့​။ ဆုံး​ပါး​တဲ့​လူလည်း​ ဆုံး​ပါး​ကုန်ပြီ။ အဲဒီမှာ သမိုင်း​မှတ်တိုင်​လေး​တွေ ရှိခဲ့​တယ်။ အလှည့်​လိုက်​ပေါ့​။ အခုလာတဲ့​ မျိုး​ဆက်​တွေဆိုရင် အဲဒီသမိုင်း​မှတ်တိုင်ကို မသိကြဘူး​။ အဲ​တော့​ အဲဒီပြတ်​နေတဲ့​ ကွင်း​ဆက်​လေး​တွေကို ကျ​နော်တို့​ ချိတ်​ပေး​တဲ့​သ​ဘောပါ။ နှစ်အလိုက် ဘဝကို ​ပေး​ဆပ်ခဲ့​ရတဲ့​သူ​တွေရှိတယ်။ အဲဒီလူ​တွေက အပြင်​ရောက်တဲ့​အခါမှာ တချို့​လည်း​ပဲ ဘဝရပ်တည်ဖို့​အတွက် ခက်ခက်ခဲခဲ ကြိုး​ပမ်း​ခဲ့​ရတယ်။ တချို့​လည်း​ အဆင်​ပြေတဲ့​သူ​တွေ ရှိတယ်။ ​တွေ့​တဲ့​အခါမှာ စု​ပေါင်း​ပြီး​တော့​ အဲဒီလူ​တွေရဲ့​ သာ​ရေး​၊​ နာ​ရေး​၊​ ကျန်း​မာ​ရေး​ ဝန်​ဆောင်မှုကိစ္စ​တွေကို ဘယ်လို​ဖြေရှင်း​ပေး​နိုင်မလဲဆိုတာကို ​ဆွေး​နွေး​ချင်တဲ့​ ရည်ရွယ်ချက်ပါပဲ။” ဒါ့​အပြင် ၁၉၆၂ ခုက​နေ ၂၀၀၇ အတွင်း​ ဖြစ်ပွား​ခဲ့​တဲ့​ ​ကျောင်း​သား​နဲ့​ အလုပ်သမား​လှုပ်ရှား​မှု​တွေကို ဒီ​နေ့​ခေတ် လူငယ်​တွေ သိ​စေချင်လို့​ အခုလို​တွေ့​ဆုံဖို့​ လုပ်တာလို့​လည်း​ ဦး​ရာ​ကျော်က ဆက်​ပြောပါတယ်။ “အထူး​သဖြင့်​ ​နောက်ပိုင်း​ မြန်မာ့​နိုင်ငံ​ရေး​ သမိုင်း​မှာ ၈၈ ​တွေပဲ အဓိက သိကြတဲ့​သ​ဘော​ပေါ့​။ ကျန်တဲ့​ ၆၂ က​နေ၊​ ၈၈ ကြား​ကာလက လူ​တွေက ​မှေး​မှိန်တဲ့​သ​ဘော​ပေါ့​။ အဲဒါကို ကျ​နော်တို့​က ပြန်​တွေ့​ဆုံပြီး​တော့​ ချိတ်ဆက်​ပေး​ပြီး​ သမိုင်း​လေး​ကို ပြန်ပြီး​တော့​ ​နောင်လာမယ့်​ မျိုး​ဆက်​တွေလည်း​ သိ​စေချင်တယ်။ မြန်မာနိုင်ငံ​ရေး​သမိုင်း​ကို စိတ်ဝင်စား​တဲ့​သူ​တွေလည်း​ ဒီအဖြစ်အပျက်​တွေက တကယ်ရှိခဲ့​ပါလား​ ဆိုတာလည်း​ သိ​စေချင်တဲ့​သ​ဘောပါ။” မြန်မာတပြည်လုံး​မှာရှိတဲ့​ ၆၂ခု၊​ ၇၄၊​ ၇၅နဲ့​ ၈၈၊​ ၉၆ မျိုး​ဆက်​တွေအပါအဝင် ​ကျောင်း​သား​နဲ့​အလုပ်သမား​ လှုပ်ရှား​မှု​တွေမှာ ပါဝင်ခဲ့​ကြတဲ့​ မျိုး​ဆက်အား​လုံး​ကို ဖိတ်ကြား​ထား​တယ်လို့​လဲ ​ပြောပါတယ်။ တွေ့​ဆုံပွဲမှာ ၆၂မှသည် ၂ဝဝရထိ မျိုး​ဆက်အသီး​သီး​က ​ပေး​ပို့​လာတဲ့​ သဝဏ်လွှာ​တွေကို ဖတ်ကြား​မယ့်​ အစီအစဉ်လည်း​ ပါဝင်မယ်လို့​ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up