Homeမြန်မာသတင်းဖ်ာပံု အမ်ိုးသားဒီမိုကေရစီ ဈေးဆိုင် ရောင်းချမှု အာဏာပိုင်များ ဟန့်တား

ဧရာဝတီတိုင်း ဖျာပုံမြို့နယ်နဲ့ ခရိုင်အာဏာပိုင်တွေက လွတ်လပ်ရေးနေ့ ပွဲတော်မှာ ရောင်းချတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ပုံငွေဈေးဆိုင်ကို ဆက်မရောင်းဖို့ တားမြစ်ခဲ့ပါတယ်။
ဖျာပုံမြို့နယ်နဲ့ ခရိုင် အုပ်ချုပ်ရေးအာဏာပိုင်များက ဧရာဝတီတိုင်း ဝန်ကြီးချုပ်အမိန့်နဲ့ လွတ်လပ်ရေးနေ့ ဈေးရောင်းပွဲတော်မှာ ရောင်းချနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဆိုင်ခန်းတွေကို မရောင်းချဖို့ စာထုတ်ပြန် တားမြစ်ခဲ့ပါတယ်။
ဈေးဆိုင်ခန်းတွေကို တာဝန်ယူရောင်းချနေတဲ့ အန်အယ်လ်ဒီအဖွဲ့ဝင် ကိုသိန်းဆွေက “၂ ရက်နေ့ မနက်ကတည်းက စရောင်းတယ်။ မြို့နေလူထုက အုတ်အုတ်ကျက်ကျက်ကို လာပြီးတော့ အားပေးတယ်။ နောက်တခါ ကျေးရွာအသီးသီးမှာ ရောက်နေတဲ့ အဆက်သွယ်ပြတ်နေတဲ့ လူတွေကလည်း ဒီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဈေးရောင်းပွဲလုပ်နေတဲ့အခါမှာ ပြန်ပြီးတော့ ဆက်သွယ်ကြတယ်။ ဆက်သွယ်ရေးလမ်းကြောင်းပြန်ဖွင့်ကြတယ်။ အဲသလိုမျိုး အားပေးထောက်ခံမှုတွေကို အင်နဲ့အားနဲ့ အုန်းအုန်းကျွက်ကျွက် လုပ်နေတာကို တွေ့တဲ့အခါကျတော့ တနေကုန် ဘာမှမပြောဘဲ ည ၈ နာရီ ၁၅ လောက်ကျမှ မြို့နယ် အုပ်ချုပ်ရေးမှူးကနေ ဖုန်းဆက်ပြီး တိုင်းဝန်ကြီးချုပ်က စာရောက်နေပါတယ်ပေါ့။ ဒါကြောင့် ၉ နာရီလောက်မှာ လာယူဖို့ အကြောင်းကြားတယ်” လို့ ပြောပါတယ်။

တားမြစ်မှုနဲ့ပတ်သက်လို့ ကိုသိန်းဆွေက “ဘာကြောင့် တားတယ်လို့ ထင်သလဲဆိုတော့ ကျနော်တို့မြို့နယ်က တော်တော်ကြီးကို ဆက်သွယ်ရေး လမ်းကြောင်းတွေက ပြတ်တောက်ထားတယ်။ အခုချိန်မှာ ပြန်ပြီး ဆင်းပြီးအားယူတဲ့အချိန်၊ ရွေးကောက်ပွဲမှာ ဖျာပုံနဲ့ ဒေးဒရဲမှာ အမျိုးသားလွှတ်တော် တနေရာလည်း လွတ်တယ်လေ။ အဲဒီနေရာမှာ လှုပ်ရှားမှုကို အရှိန်မကောင်းအောင် ဟန့်တားတယ်လို့ ကျနော်တော့ ဒီလိုပဲ သုံးသပ်မိတယ်” လို့ ပြောပါတယ်။
ဖျာပုံလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဈေးရောင်းပွဲကို ဇန်နဝါရီလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။
အန်အယ်လ်ဒီက ဆိုင်ခန်းနေရာတခုကို ငွေ ၂ သောင်းခွဲနဲ့ ဆိုင်ခန်း ၄ခန်းစာ ရယူကာ ဗိုလ်ချုပ်အောင်ဆန်းပုံ၊ အန်အယ်လ်ဒီ အထိမ်းအမှတ် အလံ၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ တီရှပ်၊ ပြက္ခဒိန်များနှင့် မုန့်ဟင်းခါးတို့ကို ရောင်းချခဲ့ပါတယ်။
ဒီရောင်းချမှုကို မနေ့ညနေမှာ ‘တိုင်းဝန်ကြီးချုပ်က ခွင့်မပြုရန်ဆိုတဲ့ မှတ်ချက်ပါစာကို ကိုသိန်းဆွေတို့ကိုပေးပြီး ဆိုင်ပိတ်ခိုင်းခဲ့ပေမယ့် ဒီကနေ့ထိ ဆက်လက်ရောင်းချနေပါတယ်။ သက်ဆိုင်ရာကလည်း ဆက်မတားတော့ဘဲ မနေ့က တားမြစ်တဲ့စာကိုသာ လာပြန်တောင်းနေတယ်လို့ ဆိုပါတယ်။
ဒေသခံတွေက အန်အယ်လ်ဒီ ရောင်းချတဲ့ဆိုင်ကို အားပေးခဲ့တဲ့အတွက် တရက်ကို အနည်းဆုံး ၁၀ သိန်းကျော်လောက် ရောင်းချရတယ်လို့ ဆိုပါတယ်။
လွတ်လပ်ရေးပွဲ မစမီ ဆိုင်ခန်းဖွင့်ဖို့ ပြင်ဆင်နေတုန်းကလည်း မြို့နယ်နဲ့ ခရိုင်အုပ်ချုပ်ရေး အာဏာပိုင်တွေက ကိုသိန်းဆွေကို ကြိုတင်ပြီး မရောင်းဖို့ တားမြစ်ခဲ့ပါသေးတယ်။ အဲဒီတုန်းက တရားဝင်စာထုတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် စာထုတ်ပေးဖို့ ငြင်းဆိုတယ်လို့ ကိုသိန်းဆွေက ပြောပါတယ်။