လွတ်ငြိမ်းခွင့်အမိန့်အရ ၈၈ မျိုးဆက်များ ပြန်လွတ်လာဖွယ်မရှိ
ရွှေအောင်
·
January 3, 2012
ဇန်န၀ါရီ ၂ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့ သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရဆိုရင် ၈၈ မျိုးဆက်ကျောင်းသားတွေ တဦးတယောက်မှ ပြန်လွတ်လာဖို့မရှိဘူးလို့ ၈၈ မျိုးဆက်တဦးဖြစ်တဲ့ စမ်းချောင်းကိုကိုကြီးက ပြောပါတယ်။
စမ်းချောင်းကိုကိုကြီးက သူတို့အလိမ်ခံနေရပြီလို့ ခံစားမိတဲ့အကြောင်း အခုလို ပြောပါတယ်။
“၈၈ မျိုးဆက်အနေနဲ့ ပြောချင်တာကတော့ စိတ်ပျက်တယ်ဆိုတဲ့ စကားထက် ပိုမယ်ဗျာ။ ဒီခရီးမှာ ဒီပုံစံမျိုးနဲ့ဆိုရင် ကျနော်တို့နိုင်ငံ ရှေ့ဆက် ဘယ်လိုမှ သွားလို့ရတဲ့ အနေအထားမျိုးတောင် မဟုတ်တော့ဘူးလို့ ထင်မိတယ်။ ကျနော်တို့ အညာခံရသလား၊ ဒါမှမဟုတ် ကျနော်တို့ ပြည်သူတွေ အညာခံရသလား၊ ကမ္ဘာကြီးတခုလုံးပဲ အညာခံရသလား မသိတော့ဘူး။ ဟီလာရီကလင်တန်လည်း အညာခံရတယ်လို့ ကျနော်တို့ထင်တယ်။ အဲလောက်ကို ကျနော်တို့ စိတ်ထဲမှာ ခံစားမိတယ်။ ၈၈ မိသားစုဝင်တွေကလည်း တော်တော်စိတ်မကောင်း ဖြစ်နေကြတယ်။ အများကြီး မျှော်လင့်ထားကြတယ်။ နိုင်ငံကို တကယ်ကောင်းအောင်လုပ်မယ်ဆိုရင် တကယ်လွှတ်လိမ့်မယ်လို့ မျှော်လင့်ထားတကြတယ်။ အခု အနေအထားကတော့ ၉၂ တုန်းက တကြိမ်ကြုံခဲ့ဖူးတယ်။ ၈၈/၉၂ ကို ကြေညာချက်ထုတ်ပြီးတော့ လူတွေကိုလျှော့ပေးတယ်။ ၁၀ အထက် ၁၀ နှစ်ဆိုပြီး၊ တယောက်မှ ထောင်ထဲကနေ ထောင်ပြင်ထွက်မလာဘူး။ အခုလည်း ယုံကြည်ချက်ကြောင့် ကျတဲ့ နိုင်ငံရေးအကျဉ်းသား အယောက် ၂၀ ထက်မပိုဘူးလို့ ကျနော်ထင်တယ်။ ၈၈ ကတော့ တယောက်မှာ မပါဘူး။”
အကျဉ်းထောင်တွေထဲမှာ ၈၈မျိုးဆက် စုစုပေါင်း ၂၇ ဦး ကျန်နေသေးတယ်လို့ ဆိုပါတယ်။
မြင်းခြံထောင်မှာ ထောင်ဒဏ် ၆၅ နှစ်ကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသူ မသက်သက်အောင်ရဲ့ မိခင်ဖြစ်သူ ဒေါ်စုစုကြည်ကလည်း ဒါလွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘူးလို့ ပြောပါတယ်။
“သူတို့တွေ ပြောတာက၊ ကမ္ဘာကြီးကိုရော၊ ကလင်တန်တို့ အကုန်လုံးကို ပြောတာက လွှတ်ပေးမှာပါ။ နိုင်ငံရေးအကျဉ်းသားဖြစ်ဖြစ်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများပဲ ဖြစ်ဖြစ်၊ အကုန်လုံးနီးပါးကို လွှတ်ပေးမှာပါလို့ ပြောထားပြီးတော့ အခုကျတော့ မပါဘူးဆိုတော့ သူတို့ပြောတဲ့ဟာက လွတ်ငြိမ်း ချမ်းသာခွင့်မှ မဟုတ်တာ။ နှစ်လျှော့တာပဲ ရှိတယ်။ ကျမအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာကို လက်မခံနိုင်ဘူး။ တကယ့် ဒီမိုကရေစီလမ်းကြောင်း အတိုင်းသွားမယ်ဆိုရင် မဟုတ်က ဟုတ်ကတွေ မလုပ်ပါနဲ့၊ အမှန်အတိုင်း လုပ်ပါလို့ ကျမ ပြောချင်တယ်။”