Homeမြန်မာသတင်း
မိန်းခလေး၂ ဦးအား သံချောင်းမီးဖုတ်တို့ကာ ညှဉ်းပန်းနှိပ်စက်သည့် စတိုးဆိုင်ပိုင်ရှင်ကို အရေးယူ
မိန်းခလေး၂ ဦးအား သံချောင်းမီးဖုတ်တို့ကာ ညှဉ်းပန်းနှိပ်စက်သည့် စတိုးဆိုင်ပိုင်ရှင်ကို အရေးယူ
DVB
·
March 13, 2017
ရန်ကုန် မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေးဝင်း စတိုးဆိုင်တစ်ဆိုင်မှာ မိန်းခလေးငယ် ၂ ဦးကို ညှဉ်းပန်း နှိပ်စက်ခဲ့တဲ့ ဆိုင်ပိုင်ရှင်ကို အမှုဖွင့်အရေးယူထားတယ်လို့ ရန်ကုန်တိုင်းရဲ တပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။
အောင်မင်္ဂလာအဝေးပြေးဝင်း၊ မုံရွာလမ်းရှိ ဆွေညီနောင်စတိုးဆိုင်မှာ အလုပ်သမား အဖြစ်လုပ်ကိုင်နေတဲ့ ကလေးငယ် ၂ ဦးကို ပိုင်ရှင်ဖြစ်သူ မဖြူဖြူထွန်း(ခ)ဒေါ်ငယ် အသက်(၄၀)နှစ်က ညှဉ်းပန်းနှိပ်စက်နေကြောင်း သတင်းအရ တာဝန်ရှိသူတွေက မတ်လ ၁၃ ရက် မနက်က သွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
စတိုးဆိုင်မှာလုပ်ကိုင်နေတဲ့ တောင်တွင်းကြီးမြို့နယ်နေ မထက်ထက်ဇော်၊ အသက်(၁၂)နှစ်နဲ့ ကျိုက်လတ်မြို့နယ်နေ မမေသဇင်၊(၁၀)နှစ်တို့ ၂ ဦးအားတွေ့ရှိရပြီး ခန္ဓာကိုယ်အနှံ့ ဖူးရောင်၊ ညိုမဲပွန်းပဲ့နာကျင်ဒဏ်ရာတွေတွေ့ရလို့ မေးမြန်းခဲ့ရာမှာ စတိုးဆိုင်ပိုင်ရှင် မဖြူဖြူထွန်းက သံတုတ်နဲ့ရိုက်၊ ခါးပတ်နဲ့ရိုက်တာ၊ ခြေထောက်နဲ့ကန်တာ၊ သံချောင်းအားမီးဖုတ်ပြီး ခန္ဓာကိုယ်အနှံ့တို့ ခဲ့လို့ ရရှိခဲ့တဲ့ ဒဏ်ရာတွေဖြစ်ကြောင့် စစ်ဆေးသိရှိရတယ်လို့ ရဲသတင်းထုတ်ပြန်ချက်မှာ ရေးပါတယ်။
ကလေးငယ်(၂)ဦးအား ဒဏ်ရာရရှိအောင် ညှဉ်းပန်းနှိပ်စက်သူ မဖြူဖြူထွန်း (ခ) ဒေါ်ငယ်အား မင်္ဂလာဒုံမြို့မရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ-၃၂၅/၃၂၆နဲ့ အမှုဖွင့်အရေးယူထားပြီး လူကူန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနဲ့ ငြိစွန်းမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်နေတယ်လို့ဆိုပါတယ်။