DVB Logo
Home
မြန်မာသတင်း
ဓာတ်ဆီပြင်ပပေါက်ဈေး မြင့်တက်
DVB
·
January 2, 2012
ဓာတ်ဆီပြင်ပပေါက်ဈေး မြင့်တက်
Donate to DVB

ဇန်န၀ါရီ တရက်နေ့မှာ ကြိုတင် မကြေညာဘဲ ဓာတ်ဆီဈေးတွေ ရုတ်တရက် တက်လိုက်ပြီး နောက်နေ့မှာ ပြင်ပပေါက်ဈေး မြင့်တက်သွားပါတယ်။

အရင်တဂါလန် ကျပ် ၄၂၀၀ လောက်ရှိရာက အခု ကျပ် ၄၅၀၀ ဖြစ်သွားတဲ့အကြောင်း ရန်ကုန်က ကားပိုင်ရှင်တဦးက ပြောပါတယ်။

“ဘယ်လိုကြောင့်လဲဆိုတော့ အပြင်မှာက ဓာတ်ဆီက အသုံးများတယ်။ တောတွေမှာ မီးစက်တွေသုံးတာရှိတယ်။ နယ်အ၀ယ်ကလည်း ဓာတ်ဆီအော်ဒါ ရှိတာကို၊ အပြင်ဈေး ဆက်လိုက်တက်သွားတာပဲ ထူးခြားမယ်။ မှောင်ခိုဈေးကွက် မပျောက်ဘူးဖြစ်နေတယ်။”

အခု ဓာတ်ဆီဈေး တက်ရတာဟာ နိုင်ငံတော်က အရှုံးခံ မရောင်းပေးတော့ဘဲ ပေါက်ဈေးအတိုင်း ရောင်းစေတော့မှာ ဆိုပေမယ့်လည်း ဈေးနှုန်းကိုတော့ အစိုးရက ထိန်းချုပ်ထားတုန်း ဖြစ်သလို၊ လိုသလောက်လည်း ၀ယ်မရဖြစ်နေတာပါ။

ရန်ကုန်မှာ ဓာတ်ဆီကို လိုသလောက် ထုတ်လို့မရဘဲ ကားတစီးကို တရက် နှစ်ဂါလန်ပဲ ရောင်းပေးတာပါ။

ဓာတ်ဆီတဂါလန် ရန်ကုန်မှာ ၃၃၅၀ ကျပ်၊ မန္တလေးမှာ ၃၅၀၀ ကျပ် နှုန်းနဲ့ သတ်မှတ် ရောင်းချစေတာပါ။ မန္တလေးမှာလည်း ဓာတ်ဆီ တဂါလန် ပြင်ပပေါက်ဈေး ကျပ် ၄,၈၀၀ လောက်ရှိပြီး၊ ဆိုင်ကယ် တစီးကို သုံးရက်နေမှ တဂါလန်ပဲ ရောင်းပေးတယ်လို့ သိရပါတယ်။

မန္တလေးဓာတ်ဆီဆိုင်မန်နေဂျာ တဦးနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ သတင်းထောက်တဦး ပြောပြတာက “အစိုးရ ဈေးတက်တော့ သူတို့ကလည်း ပြန်ကိုက်ပြီး တက်ရတယ်။ နောက်ပြီးတော့ အခု ဈေးကလည်း အငြိမ်မဟုတ်ဘူး။ အချိန်မရွေး အပြောင်းအလဲရှိနိုင်တယ်။ ဆီဆိုင်တဆိုင်က တာဝန်ခံမန်နေဂျာနဲ့ အင်တာဗျူးလုပ်တော့။ အရင်ကဆို ဈေးကချုပ်ထားတယ်။ ၂၅၀၀ ထက်ပိုမရောင်းရဘူးဆိုတာမျိုး ရှိတယ်။ အခုဟာက အဲ့လိုမဟုတ်ပဲနဲ့ ဈေးကလည်း အပြောင်းအလဲရှိမယ်လို့ပြောတယ်။”

အစိုးရက ခုလ ၁ ရက်နေ့ကစပြီး ဓာတ်ဆီဈေးနှုန်းတွေကို တိုးမြှင့်လိုက်ပေမယ့် ဆိုင်တွေကို ဖြန့်ဖြူးပေးတဲ့ အရေအတွက်ကိုတော့ နဂိုပမာဏအတိုင်းပဲ ပေးတယ်လို့ သိရပါတယ်။

မန္တလေးမှာ အခု လောလောဆယ်တော့ ဆိုင်ကယ်ကယ်ရီခတွေ အပါအ၀င် သယ်ယူပို့ဆောင်ခတွေ မတက်သေးပါဘူး။

အခုလို ဓာတ်ဆီဈေးတက်လိုက်တာဟာ အထူးသဖြင့်တော့ အခြေခံလူတန်းစားတွေကိုပဲ ထိခိုက်နိုင်တယ်လို့ စီးပွားရေးဂျာနယ်တစောင်ရဲ့ အယ်ဒီတာတဦးက ပြောပါတယ်။

“ကျနော်တို့ နိုင်ငံက လောင်စာဆီဈေးနှုန်းက အရမ်းတက်နေတာကိုးဗျ။ သူတို့ဆီကလည်း ဘက်ဂျက်လိုငွေတွေက အရမ်းပြနေတော့ အဲဒီ ၂ ခုကြားမှာ သူတို့က တော်တော် ထိန်းထိန်းသိမ်းသိမ်း လုပ်ရမှာတော့ သေချာပဲ။ တက်တာကတော့ တက်တဲ့ဘက်ကို အရင်ဆုံးကပ်လိုက်တယ်။ တက်ပြီးတော့ မထိန်းသိမ်းနိုင်ဘူးဆိုရင် မီးခိုးကြွက်လျှောက် ပြသနာတွေက တော်တော်ရှိတယ်။”

“ဘယ်လိုဟာမျိုးတွေ ကြုံလာနိုင်သလဲ ဆိုတော့ အဓိကတော့ ကုန်ဈေးနှုန်းတက်မယ့် ကိစ္စတွေပေါ့။ ၁၅၀ နှုန်းကနေ တောက်လျှောက်တက်လာတော့ ကုန်ဈေးနှုန်းကလည်း တောက်လျှောက် တက်လာတယ်။ အထူးသဖြင့် အခြေခံလူတန်းစားတွေပဲ ပိုထိခိုက်ပါတယ်။”

လောလောဆယ်တော့ အဝေးပြေးကားခတွေရော ကုန်ကားခတွေပါ ဈေးမတက်သေးပေမယ့် တလလောက်ကြာရင်တော့ ကားခတွေရော အခြေခံ စားကုန်ဈေးနှုန်းတွေ လိုက်တက်လာမှာပဲလို့လည်း  ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး အစိုးရကဓာတ်ဆီဆိုင်တွေကို ပုဂ္ဂလိကလွှဲပေးပြီး ဓာတ်ဆီတဂါလန် ၂,၅၀၀ ကျပ်နှုန်းနဲ့ သတ်မှတ်ရောင်းချစေခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013