ထိုင်းဘုရင်ကြီး ဈာပနအခမ်းအနား အောက်တိုဘာနှောင်းပိုင်းတွင် ကျင်းပမည်

ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက်ရဲ့ ဈာပနအခမ်းအနားကို လာမယ့် အောက်တိုဘာလနှောင်းပိုင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရသူတဦးက ပြောပါတယ်။ ဈာပန အခမ်းအနား ကျင်းပရေးကော်မတီက မတ်လ ၁ ရက်နေ့မှာ ကျင်းပတဲ့ အစည်းအဝေးမှာ အောက်တိုဘာလနှောင်းပိုင်းမှာ ကျင်းပဖို့ သဘောတူခဲ့တာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရသူ ဆန်စန်ကရူကမ်နာ့ဒ်က ပြောပါတယ်။ အပြင်မှာ သတင်းထွက်နေသလို ဒီဇင်ဘာလနှောင်းပိုင်းမှာ ကျင်းပမယ်ဆိုတာတွေဟာ မမှန်ကန်ဘူးလို့ သူက ပြောလိုက်တာပါ။ ဒါဟာ ထိုင်းမင်းသမီး မဟာချက်ကရီ သီရိဒုံက ဈာပနအခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ကျင်းပဖို့ စီစဉ်ရေးဆွဲထားတယ်ဆိုတာကို ကိုးကားပြီး သတင်းမှားတွေ ထွက်နေခဲ့တာပါ။ ထိုင်းဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်ချက်ထဲမှာတော့ မင်းသမီးက ဘုရင်ကြီးရဲ့ ဈာပနအခမ်းအနားနဲ့ ပတ်သက်ပြီး အကြံဉာဏ်ပေးခဲ့တာသာဖြစ်တယ်လို့ ဆိုပါတယ်။

More News
Up