တရားသူကြီးတွေကို အရေးယူဆောင်ရွက်တယ်ဆိုတာ အင်မတန် ရှားရှားပါးပါးပဲ
အေးနိုင်
·
January 2, 2012
ဥပဒေနဲ့မညီညွတ်ဘဲ အဂတိလိုက်စားစီရင်ချက်ချတဲ့ တရားသူကြီးတွေကို အရေးယူမယ့် ဥပဒေတရပ်ကို ပြည်သူ့လွှတ်တော်မှာ ပြဋ္ဌာန်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက သတင်းမီဒီယာတွေကို ပြောပါတယ်။
အစိုးရသစ် လက်ထက်မှာ တရားဥပဒေဆိုင်ရာ ကြိုးပမ်းချက်တရပ်ဖြစ်ပြီး လက်ရှိကာလ တည်ဆဲဥပဒေတွေမှာ သတ်သတ်မှတ်မှတ် ပြဌာန်းထားတာမရှိသေးလို့ ဖြစ်တယ်လို့ မနှစ်ဒီဇင်ဘာ ၂၉ ရက်နေ့က ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုရဲ့ ပြောစကားကို အလဲဗင်းဂျာနယ်က ရေးပါတယ်။
ဒီပြောကြားချက်အပေါ် နိုင်ငံရေးသမားတွေဘက်က ရှေ့နေလိုက်ရင်း ရှေ့နေလိုင်စင် ရုပ်သိမ်းခံထားရတဲ့ ရန်ကုန်မြို့က ဥပဒေအကျိုးဆောင် ဦးအောင်သိန်းကို မေးမြန်းထားပါတယ်။
ဒီမိုကရေစီ စနစ်မှာလည်း တရားဥပဒေ စိုးမိုးရေးက အခရာကျတယ်ဆိုတော့ ကော်မတီ ဥက္ကဋ္ဌရဲ့ ပြောဆိုချက်နဲ့ လုပ်ဆောင်ချက်ကို ဘယ်လိုမြင်ပါသလဲ။
[caption id="attachment_19450" align="alignleft" width="300" caption="ဦးအောင်သိန်း"][/caption]
“အဂတိ လိုက်စားမှု တားမြစ်ရေး ဥပဒေပုဒ်မ ၄၊ ၁၉၄၈ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ ဥပဒေတွေပေါ့။ ဒါတွေနဲ့ တရားသူကြီးပဲဖြစ်ဖြစ် ပြည်သူ့ဝန်ထမ်းပဲ ဖြစ်ဖြစ်၊ မည်သူမဆို အရေးယူတဲ့ပုဒ်မတွေ ရှိဖူးပါတယ်။ အဲဒါတွေကတော့ ၄၁ စီ ၄၂ လို့ ခေါ်တယ်။
“ဒီဘက် နောက်ပိုင်းမှာလည်း အဲဒီ ဥပဒေအပြင်ကို အဂတိ လိုက်စားမှု တားမြစ်ရေးဥပဒေ ပုဒ်မနဲ့ပတ်သက်ပြီးတော့ ပြည်သူ့ဝန်ထမ်းနဲ့ သက်ဆိုင်သော ပြစ်မှုများဆိုတာလည်း ရာဇသတ်ကြီးတွေမှာ ပြဋ္ဌာန်းထားတာရှိတယ်။ အဲဒါက ရာဇသတ်ကြီးပုဒ်မ ၁၆၁၊ ၁၆၂၊ ၁၆၃၊ ၁၆၅ ပေါ့ဗျာ။ အဲဒီတွေမှာလည်း သူတို့က ဥပဒေနဲ့ မညီတဲ့ အခကြေးငွေယူတဲ့ ကိစ္စရပ်တွေ၊ ဖောက်လွဲ ဖောက်ပြန်လုပ်တာတွေ နည်းလမ်းတကျ မဆောင်ရွက်ဘဲနဲ့ လာဘ်လာဘကို မျှော်မှန်းပြီးတော့ သဘောတူညီချက်လုပ်ပြီး ယူတဲ့ကိစ္စရပ်တွေ၊ ရာဇသတ်ကြီးလို စာအုပ်တွေမှာလည်း ဒီရာဇသတ်ကြီး ပြစ်မှုအရ စွဲမယ်ဆိုရင်လည်း ၃ နှစ်လောက်ထိ ပြစ်ဒဏ် တမျိုးမျိုး ပေးလို့ရတဲ့အပြင် အထူးဥပဒေအရ ပြဋ္ဌာန်းထားတဲ့ ဥပဒေများအရဆိုရင် ၇ နှစ်လောက်ထိ ပြစ်ဒဏ်တွေပေးနိုင်တယ်ဆိုတာ တွေ့ရတယ်။
“ဒါပေမယ့် ကျနော်တို့ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ဒီဘက်ခေတ်မှာ ဒီလို ပြည်သူ့ဝန်ထမ်းတွေကို အထူး ဥပဒေအရဖြစ်စေ၊ ရာဇသတ်ကြီး ဥပဒေအရဖြစ်စေ အရေးယူဆောင်ရွက်တာ အင်မတန်မှရှားပါးတယ်။ ရှင်းရှင်းပြောရရင် မရှိသလောက်ပဲလို့ ပြောလို့ရနိုင်တဲ့ အနေအထားတွေ ရှိပါတယ်။ အခုလို အချိန်အခါမျိုးမှာ တရားသူကြီးတွေကို သီးသန့်အရေးယူနိုင်လောက်တဲ့ အထောက်အထား၊ အကျင့် ဖောက်လွဲဖောက်ပြန်မှုနဲ့ လုပ်နိုင်လောက်တဲ့ အထောက်အထား ကိစ္စတွေကို ဥပဒေတခု ပြဋ္ဌာန်းပြီးတော့ ပြည်သူ့လွှတ်တော်မှာ ဥပဒေကြမ်းအဖြစ် တင်သွင်းပြီးတော့ ဆောင်ရွက်မယ်ဆိုတဲ့ကိစ္စက အင်မတန်သင့်လျော်ပြီး အချိန်အခါနဲ့ ကိုက်ညီပါတယ်လို့ ကျနော်ပြောချင်ပါတယ်။”`
တရားစီရင်ရေးမဏ္ဍိုင်ကို တည့်မတ်အောင်ထိန်းကျောင်းဖို့ တာဝန်ကြီးတဲ့ တရားသူကြီး ကိုယ်တိုင်ကနေ အဂတိလိုက်စားပြီးတော့ စီရင်ချက်ချတဲ့ ပြစ်မှုမျိုးတွေက မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးခေတ်နဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ စစ်ကောင်စီ အုပ်ချုပ်တဲ့ စစ်အစိုးရခေတ်၊ အဲဒီခေတ်တွေထဲမှာ အဘအနေနဲ့ လက်လှမ်းမီသလောက် ကြုံသလောက်ကို အကြမ်းဖျဉ်းလေး ရှင်းပြပေးပါလား။ ဘယ်လိုမျိုးရှိခဲ့လဲ။
“၁၉၄၈ ခုနှစ် အဂတိလိုက်စားရေး တားမြစ်ရေးဥပဒေ ပုဒ်မ ၄ အရဆိုရင် သက်ဆိုင်ရာကနေ ခန့်အပ်နိုင်တဲ့ ပြည်သူ့ဝန်ထမ်းပေါ့။ ထုတ်ပစ်နိုင်တဲ့ ခန့်အပ်နိုင်တဲ့ အဆင့်ရှိတဲ့သူရဲ့ ကြိုတင်ခွင့်ပြုမိန့်တွေ ယူပြီးမှသာလျှင် သူ့ကို တရားစွဲဆို အရေးယူနိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်။ ဆိုကြပါစို့၊ အမှုတခုကို အရေးယူ ဆောင်ရွက်တော့မယ်ဆိုရင် ကျနော်တို့ တရားခံ တဦးမှာ ထင်ရှားသိရှိရတဲ့ ဝင်ငွေရလမ်းတွေ၊ အဆမတန် ငွေကြေးအင်အားတွေ ဒါမှမဟုတ် ပစ္စည်းပိုင်ဆိုင်ကြောင်း အခြေအနေတွေ၊ ပိုင်ဆိုင်ခဲ့ဖူးကြောင်းဆိုတဲ့ ကိစ္စရပ်တွေ၊ ငွေကြေးအင်အားတွေ၊ ပစ္စည်းအင်အားတွေ ဖောက်လွဲဖောက်ပြန် လုပ်လို့ရရှိထားတဲ့ ငွေကြေးတွေဖြစ်နိုင်တယ်။ အဲဒါကို တရားသဖြင့် ရရှိထားတဲ့ ငွေကြေးလို့ မဖော်ပြနိုင်ဘူးဆိုရင် ရာဇသတ်ကြီးပုဒ်မ ပြည်သူ့ဝန်ထမ်းရဲ့ ဖောက်လွဲဖောက်ပြန်မှု ဥပဒေပုဒ်မအရ ၁၆၁၊ ၁၆၂၊ ၁၆၃၊ ၁၆၅ တို့အရ။ အရေးယူ ဆောင်ရွက်နိုင်တာပေါ့။ အဲဒီလို အမှုအခင်းတွေက တရားသူကြီးတွေကို အရေးယူဆောင်ရွက်တယ်ဆိုတာ အင်မတန် ရှားရှားပါးပါးပဲ မရှိသလောက်။ စောစောက ကျနော်ပြောသလိုပေါ့။”
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ စစ်အစိုးရအုပ်ချုပ်တဲ့ကာလ အတွင်းမှာ နိုင်ငံရေး အရတက်ကြွလှုပ်ရှားသူတွေကို ထောင်ဒဏ် ၆၅ နှစ်၊ ၁၀၃ နှစ်တို့ ချထားတာတွေက တရားသူကြီးတွေကိုယ်တိုင် ဥပဒေကြောင်းအရ ချမှတ်တယ်လို့မြင်လား၊ ဒါမှမဟုတ် နောက်ကွယ်ကနေ မမှန်မကန် အဂတိလိုက်စားပြီးတော့ ဖိအားတခုခုကြောင့် ချတယ်လို့ မြင်လား။
“အဲဒါကတော့ ရှင်းပါတယ်။ ဒီလိုနိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမှုအခင်း အားလုံးကတော့ တရားသူကြီးတွေကို ညွှန်ကြားချက်တမျိုးနဲ့ အဲဒီညွှန်ကြားချက်အတိုင်းပဲ သူတို့က အမိန့်ချတာပါပဲ။ အဲဒီမှာက တရားသူကြီးတယောက်က သူက လွတ်လပ်တဲ့ တရားစီရင်ရေး ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကို သူချတဲ့စီရင်ချက်ကို ကြည့်ခြင်းအားဖြင့် သိနိုင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ပေးထားတဲ့ အပြစ်ဒဏ်တွေက သတ်မှတ်ထားတဲ့ အပြစ်ဒဏ်တွေရဲ့ အမြင့်ဆုံး အပြစ်ဒဏ်တွေကိုပဲ သူတို့ပေးလေ့ပေးထ ရှိတယ်ဆိုတာ ဒါက ခေါက်ရိုးကျိုးနေတဲ့ အယူအဆတခုလို ပုံစံမျိုးနဲ့ လုပ်နေကြတာပါ။ အုပ်စုလိုက်ဖြစ်ပေမယ့် ဘယ်သူက အဓိကကျတယ်။ ဘယ်သူက သာမန်ဖြစ်တယ်ဆိုတဲ့ အနေအထားမဟုတ်ဘဲနဲ့ အုပ်စုလိုက်ဆို အုပ်စုလိုက်ပဲ ဒီပုဒ်မနဲ့ ထောင်ဒဏ် ၁၅ နှစ်ဆို ၁၅ နှစ်။ ၇ နှစ်ဆို ရနှစ်။ ထောင်ဒဏ် ၆၅ နှစ်ဆို ၆၅ နှစ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် တရားစီရင်ရေး ကိုယ်တိုင်က တရားမျှတမှု မရှိဘူး။ အဲဒါ တရားသူကြီးကလုပ်နိုင်တာလားဆိုတော့ သူက လိုလိုလားလား လုပ်ပေးချင်လည်း လုပ်ပေးမယ်။ သူ့ရဲ့ လုပ်ပိုင်ခွင့်မရှိဘဲနဲ့ အထက်က ညွှန်ကြားချက်အရ သူလုပ်ရတာတွေလည်း ရှိမယ်။ အဲဒီသဘောက တရားသူကြီးတယောက်မှာက ပြစ်ဒဏ်က လွှတ်လိုက်တယ်ဆိုရင် သူက အစီရင်ခံစာရေးရတယ်။ ပြစ်ဒဏ်ချလိုက်ရင် အစီရင်ခံစာ ရေးတင်စရာ မလိုဘူးလို့ သတ်မှတ်ချက်တွေ ရှိနေတယ်။ ကျနော်တို့နိုင်ငံရဲ့ တရားစီရင်ရေးက ဥပဒေအရ တရားစီရင်တာနဲ့ ညွှန်ကြားချက်တွေနဲ့ အထက်အမိန့်နဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ လှည့်ပတ်တဲ့ ညွှန်ကြားမှုပေါ်မှာ အခြေပြုပြီးတော့ နိုင်ငံရေးမှုတွေမှာ များသောအားဖြင့် အဆုံးအဖြတ်ပြုတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ဘူး။”
တရားဥပဒေ မဏ္ဍိုင်တခုလုံး လူထုကနေပြီးတော့ ယုံကြည်စိတ်ချရတဲ့ မဏ္ဍိုင်တခုအဖြစ် ရောက်ဖို့၊ ရပ်တည်နိုင်ဖို့အတွက်ဆိုရင် ဘာတွေထပ်ပြင်ဖို့ လိုပါသေးလဲ။
“အဓိကတော့ ပြည်သူ့ဝန်ထမ်းတွေက ပြည်သူ့အကျိုးစီးပွားတခုအတွက် ဆောင်ရွက်ရတယ်ဆိုတဲ့ အသိရှိဖို့လိုတယ်။ သို့သော်လည်း အဲဒီလို ပြည်သူ့အကျိုးအတွက်လို့ ဆိုတာထက် အဂတိ မကင်းတဲ့ လုပ်ဆောင်ချက်တွေဟာ နှစ်ပေါင်းများစွာ အရိုးစွဲလာတဲ့ အလေ့အကျင့်တွေ ဖြစ်နေတယ်။ ဒါက တရားစီရင်ရေး စနစ် တခုတည်းတင် မဟုတ်ပါဘူး။ ဘယ်ဝန်ကြီးဌာန ဘယ်အုပ်ချုပ်ရေး စနစ်တခုမှမလွဲ ဒါတွေက ရှိနေဆဲပါ။ လူထုအင်အားနဲ့ ဆောင်ရွက်ရမယ်။ မရနိုင်ဘူးဆိုရင် ကျနော်တို့ စတုထ္တမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာ လွတ်လပ်ခွင့်ပေါ် အခြေပြုပြီးတော့ ဒါတွေကို ဖော်ထုတ်လာမယ်ဆိုရင် တဖြည်းဖြည်းနဲ့တော့ လျော့နည်းသွားနိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။”