DVB Logo
Home
မြန်မာသတင်း
၂၀၁၂ နှစ်ဆန်းတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်လက် ပြု​လုပ်မည်
DVB
·
January 2, 2012
Donate to DVB

မြန်မာပြည်ထဲမှာ စစ်ပွဲတွေရပ်တန့်ဖို့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် အစိုးရ ကိုယ်စားလှယ်နဲ့ အကျိုးတော်ဆောင်အဖွဲ့တွေက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနေတာမှာ ဒီဇန်န၀ါရီလထဲမှာလည်း တွေ့ဆုံပွဲတွေ ဆက်ပြီး ရှိဦးမယ်လို့ သိရပါတယ်။

လာမယ့် ဇန်န၀ါဝါရီ  ၅ရက်နေ့နဲ့ ၆ ရက်နေ့မှာ ချင်းပြည်နယ် အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦးဟာ ဒီကနေ့ အိန္ဒိယနယ်စပ်ကနေ ချင်းပြည်နယ် ဟားခါးမြို့ကို ထွက်ခွာလာနေပြီ ဖြစ်ပါတယ်။

ချင်းအမျိုးသား တပ်ဦးဘက်က လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာဆလိုင်းရွှေခါး ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၀ ဦး တက်ရောက်မယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လက ပြုလုပ်သွားခဲ့တဲ့ ချင်းအမျိုးသားတပ်ဦးရဲ့ အရေးပေါ် ညီလာခံ ဆုံးဖြတ်ချက်တွေအပေါ်မူတည်ပြီး ဆွေးနွေးဆုံးဖြတ်သွားမယ်လို့ အဖွဲ့ပြောခွင့်ရ ဒေါက်တာဆလိုင်းအင်ဒရူး ငွန်ကျုံးလျန်က ပြောပါတယ်။

“၅ ရက်နေ့နဲ့ ၆ ရက်နေ့ ၂ ရက် စကားပြောဖို့ ကျနော်တို့ ခရီးစထွက်နေပြီ။ ကျနော်တို့ ရှေ့ကလုပ်သွားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အဖွဲ့တွေရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း ရှိမယ်။ ပြည်နယ်အစိုးရကို ပြည်နယ်ကိုယ်စား ငြိမ်းချမ်းရေးဆွေးနွေးမယ့် အဖွဲ့ကလည်း ကျနော်တို့ကို တင်ပြမယ့် အချက်တွေရှိမယ်။ ”

အလားတူ ဒီလထဲမှာ ကရင်၊ ကရင်နီ၊ ရှမ်း နဲ့ တခြား ပအိုဝ့်၊ ပလောင်၊ ရခိုင် စတဲ့အဖွဲ့တွေနဲ့ အစိုးရကိုယ်စားလှယ်တွေ နောက်ထပ် တွေ့ဆုံဖို့ရှိတယ်။

ဇန်န၀ါရီလ ၁၂ ရက်နေ့ကျရင် ပြည်ထောင်စုအဆင့်အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးတို့ဟာ ကရင်ပြည်နယ် ဖားအံမြို့မှာ တွေ့ဖို့ရှိပြီး ကေအန်ပီပီ ကရင်နီတိုးတက်ရေးပါတီနဲ့ ၂၀ ရက်နေ့၊ မွန်ပြည်သစ်ပါတီနဲ့ ၂၅ ရက်နေ့ ပတ်ဝန်းကျင်မှာ တွေ့ဖို့ရှိတယ်လို့ တွေ့ဆုံပွဲတွေ ဖြစ်မြောက်ဖို့အတွက် ပါဝင်ညှိနှိုင်းပေးသူ တဦးဖြစ်တဲ့ နယ်စပ်က နိုင်ငံရေးလှုပ်ရှားသူ ဦးညိုအုန်းမြင့်က ပြောပါတယ်။

“အပစ်အခတ်ရပ်စဲရေးကို လုပ်ပြီးတော့ နိုင်ငံရေးအရ ဆက်ပြီးတော့ ဆွေးနွေးဖို့ ကျနော်တို့ ရည်ရွယ်တယ်။ အဲ့ဒါကို အားလုံးသဘောတူတယ်ဆိုရင် ယူအန်အက်ဖ်စီနဲ့ ပြောမယ်လို့ ကျနော်တို့ သိရပါတယ်။ အပစ်ခတ် ရပ်ထားမှ သူတို့ တပ်တွေ ရွှေ့ပြောင်းတဲ့ အခါမှာ တယောက်နဲ့ တယောက် ယုံကြည်မှုတည်ဆောင်ဖို့ လိုတယ်ပေါ့နော်။ ငြိမ်းချမ်းရေးမှာ ယုံကြည်မှုမရှိရင် ကျနော်တို့ ဆွေးနွေးလို့ မရဘူးလို့ အစိုးရဘက်က မြင်ပါတယ်။ ”

တပြည်လုံးငြိမ်းချမ်းရေးရဖို့အတွက် လက်နက်ကိုင်နဲ့ အတိုက်အခံတော်လှန်ရေး အဖွဲ့တွေ စုစုပေါင်း ၂၀ လောက်ရှိပြီး လောလောဆယ် ၁၅ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပြီး ဖြစ်ပါတယ်။

ဒီအထဲက ယူအန်အက်ဖ်စီ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီထဲမှာ ပါဝင်ပြီး လက်ရှိ အစိုးရနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေအပြင် ပအိုဝ့်၊ ပလောင်၊ ရခိုင်၊ လားဟူ စတဲ့ အဖွဲ့တွေလည်း ပါဝင်တယ်။ အစိုးရဘက်ကတော့ လာမယ့် ၂၀၁၄ မှာ တပြည်လုံးငြိမ်းချမ်းရေးရမယ်လို့ ရည်မှန်းထားတဲ့အကြောင်း ပြောဆိုနေပါတယ်။

ရှမ်းပြည်တပ်မတော် ရှမ်းပြည်တိုးတက်ရေးပါတီဘက်ကတော့ ဌာနချုပ်ဝမ့်ဟိုင်းမှာ ၀င်ရောက်တပ်စွဲထားတဲ့တပ်တွေ ပြန်ရုပ်ပေးခဲ့ရင် ဆွေးနွေးပွဲလုပ်ဖို့ အသင့်ရှိတယ်လို့ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော်ဘက်ကလည်း အစိုးရဘက်က ကချင်ပြည်ဘက် ထိုးစစ်ဆင်နေတာတွေကို အရင်ရပ်စဲ၊ စစ်ကြောင်းတွေ ပြန် ဆုတ်ပေးပြီး ယုံကြည်မှုတွေ တည်ဆောက်ပြီးမှ  ဆွေးနွေးရမှာလို့ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး ယော်ထုံက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013