Home
မြန်မာသတင်း
မြန်​မာ့ရိုးရာယဉ်​​ကျေးမှု ဆံရစ်​ဝိုင်းဆံပင်ထားရှိမှု​ တ​ဖြည်း​ဖြည်း ​ပျောက်​ကွယ်​လုနီး ဖြစ်လာ
DVB
·
March 12, 2017
hair6
hair5
hair4
hair3
hair2
hair1
hair
hair7
မြန်မာ့ရိုးရာယဉ်ကျေးမှုတခုဖြစ်တဲ့ ဆံရစ်ဝိုင်း ဆံပင် ထားတာဟာ တဖြည်းဖြည်းနဲ့ ကွယ်ပျောက်လုနီးပါး ရှိနေပြီလို့ ဆံရစ်ဝိုင်း ဆံပင်ထားတဲ့ တစ်ခုတည်းသော ကျေးရွာဖြစ်တဲ့ နွားထိုးကြီးမြို့နယ် ခံစပ်ကုန်းရွာမှ ကျောင်းထိုင်ဆရာတော် ဦးတေဇဝန္တ က ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် နှင့် (၁၂) မိုင် အကွာအဝေးရှိတဲ့ ခံစပ်ကုန်း အရှေ့ရွာနဲ့ အနောက်ရွာတို့ မှာနေထိုင်ကြတဲ့ ဒေသခံတစ်ချို့ဟာ ရှေးခေတ် မြန်မာတို့ အမြတ်တစ်နိုးထားခဲ့ကြတဲ့ ဆံရစ်ဝိုင်းဆံပင်ကို ဒီနေ့ထိတိုင် မိန်းကလေးငယ်လေးတွေကို ထားပေး နေတာကို တွေ့ရှိရပါတယ်။ ခေတ်ကာလပုံစံတွေ အမျိုးမျိုး ပြောင်းလဲနေလာတာကြောင့် ခံစပ်ကုန်းကျေးရွာရှိ အမျိုးသမီးငယ်လေးတွေဟာ ဆံရစ်ဝိုင်းဆံပင် ထားတာ ခုနောက်ပိုင်း တဖြည်းဖြည်းနဲ့ နည်းပါးလာတယ်လို့ ဒေသခံ တစ်ဦးက  ပြောပါတယ်။ "ခုနောက်ပိုင်းတွေမှာ မြန်မာ့ယဉ်ကျေးမှုနဲ့မကိုက်ညီတဲ့ ဝတ်စားဆင်ယဉ်မှုတွေ ဝတ်ဆင်လာတာကြောင့် မြန်မာ့ယဉ်ကျေးမှုဟာ ပျောက်ကွယ်လုနီးပါးရှိနေတာပေါ့။ ဆံရစ်ဝိုင်းဆံပင်ဆိုတာဟာ ရှေးခေတ် မြန်မာတို့ အမြတ်တစ်နိုးထားခဲ့တဲ့ ဆံပင်ပါ။ ခု နောက်ပိုင်းမှာတော့ ပုံစံအမျိုးမျိုးတွေပြောင်းလာတော့ ဆံရစ်ဝိုင်းဆံပင် ထားတဲ့ ယဉ်ကျေးမှုတွေလည်း တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လာမှာ သေချာတယ်။” “မြန်မာ့ယဉ်ကျေးမှုဆိုတာဟာ ပိုင်းခြားခြင်း၊ ခွဲခြားခြင်းဆိုတာ ခုခေတ်မှာ မရှိတော့ဘူး။ ခေတ်က အနောက်တိုင်းနည်းတွေ အတုခိုးနေတော့ သိတ်မကောင်းတော့ဘူးပေါ့။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ရိုးရိုးလေး ဝတ်ဆင်ပြီး သွားတဲ့ လာတဲ့အခါမှာ သိမ်သိမ်မွေ့မွေ့လေး ရှိတယ်။ နိုင်ငံခေါင်းဆောင် တစ်ယောက်က ဒီလို ပြုမူနေထိုင်တယ်ဆိုရင် ကျန်တဲ့သူတွေက မြန်မာ့ယဉ်ကျေးမှုလေးကို ပြန်လည်ထိန်းသိမ်းစေချင်တယ်လို့ ခံစပ်ကုန်းကျေးရွာ ဆရာတော် ဦးတေဇဝန္တ က ဒီဗွီဘီကိုပြောပါတယ်။ ဆရာတော် ဦးတေဇဝန္တဟာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ဖွင့်လှစ်ထားပြီး KG တန်းမှ ၈ တန်းအထိ (အခမဲ့ ) ဆရာ /ဆရာမ (၉) ယောက်နဲ့ သင်ကြားပေးနေကာ ကျောင်းသား /သူ (၂၅၀) ယောက်လက်ခံ သင်ကြားပေးနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အပူပိုင်းဒေသအဖြစ်ပါဝင်တဲ့ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်ရှိ ခံစပ်ကုန်းကျေးရွာဒေသခံတွေဟာ တောင်သူလုပ်ငန်းအမျိုးမျိုး၊ ထန်းပင်တက်တာနဲ့ ဆေးလိပ် လိပ်တဲ့ လုပ်ငန်းတွေကို အဓိကအားထား လုပ်ကိုင်တဲ့ ဒေသဖြစ်ပြီး အိမ်ထောင်စု (၃၃၀) ရှိပြီး လူဦးရေ (၂၄၄၀) နေထိုင်ကြပါတယ်။ ခံစပ်ကုန်းကျေးရွာဟာ ရှေးယခင်ကထည်းက ဆံရစ်ဝိုင်းဆံပင်ကို ထားရှိလာပြီး ခေတ်ကာလ ပြောင်းလဲလာမှုကြောင့် အခုနောက်ပိုင်းမှာ ဆံရစ်ဝိုင်းဆံပင်ထားသူ ဦးရေ (၅၀) ဝန်းကျင်လောက်သာ ကျန်ရှိတော့တယ်လို့ ဒေသခံက ပြောပါတယ်။ သတင်း-ရီရီထွန်း(မြင်းခြံ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024