DVB Logo
Home
မြန်မာသတင်း
၂၀၁၂ မှာ ငြိမ်း​ချမ်း​ရေး​၊​ ဥပ​ဒေစိုး​မိုး​ရေး​နဲ့​ ဖွဲ့​စည်းပုံအခြေ​ခံဥ​ပ​ဒေ​​ ပြင်ဆင်​ရေး​ NLD ဦး​စား​ပေး​လုပ်မည်
DVB
·
January 1, 2012
Donate to DVB

မြန်မာနိုင်ငံရဲ့​ အဓိက အတိုက်အခံပါတီကြီး​ ဖြစ်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ဟာ ၂၀၁၂ ခုနှစ်မှာ အ​လေး​ထား​ ​ဆောင်ရွက်မယ့်​ ကိစ္စ ၃ ရပ်ကို ပါတီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က ထုတ်​ဖော် ​ပြောကြား​လိုက်ပါတယ်။

ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​၊​ တရား​ဥပ​ဒေစိုး​မိုး​ရေး​နဲ့​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ ပြင်ဆင်​ရေး​ကိစ္စ​တွေ ဦး​စား​ပေး​လုပ်သွား​မယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်က ဒီဗွီဘီက​နေတဆင့်​ မြန်မာပြည်သူ​တွေကို ၂၀၁၂ ခုနှစ် အတွက် နှစ်သစ်ကူး​နှုတ်ခွန်း​ဆက်စကား​ ​ပြောကြား​ရာမှာ ခုလို ထည့်​သွင်း​ ​ပြောဆိုလိုက်တာပါ။

“ကျမတို့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က ဦး​စား​ပေး​ လုပ်မယ့်​ လုပ်ငန်း​တွေက ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​၊​ တရား​ဥပ​ဒေစိုး​မိုး​ရေး​နဲ့​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေ​တွေထဲမှာ ပြင်သင့်​တာ​တွေကို ပြင်ဖို့​ အ​ရေး​တွေကို ကျမတို့​ ​ပြောခဲ့​ပြီး​ ဖြစ်ပါတယ်။ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကို ဘာဖြစ်လို့​ ​ရွေး​ရတယ်ဆိုတာ ထူး​ထူး​ထွေ​ထွေ ​ပြောဖို့​ မလိုပါဘူး​။ ငြိမ်း​ချမ်း​ရေး​ ပတ်သက်လို့​လည်း​ ကျမ အရင်တ​လောက ရှင်း​ပြဖူး​ပါတယ်။ ငြိမ်း​ချမ်း​ရေး​ကို ရိုး​ရိုး​လေး​ မြင်ပါတယ်။ ငြိမ်း​ချမ်း​ရေး​ဆိုတာ အိပ်နိုး​ချမ်း​သာ​ပေါ့​။ အိပ်တဲ့​အခါကျရင် စိတ်ချမ်း​ချမ်း​သာသာနဲ့​ လုံလုံခြုံခြုံနဲ့​ အိပ်ရာဝင်နိုင်ရမယ်။ နိုး​တဲ့​အခါကျရင်လည်း​ ​နေ့​သစ်ကို ရင်ဆိုင်ဖို့​ရာအတွက် စိတ်ချမ်း​ချမ်း​သာသာနဲ့​ လုံလုံခြုံခြုံ ရှိနိုင်ရမယ်။ အဲ့​တော့​ ဒီလိုပဲ ကျမတို့​ရဲ့​ နှစ်​ဟောင်း​ကြီး​ဟာ အိပ်သွား​ပြီး​တော့​ နှစ်သစ်ကြီး​ နိုး​လာတဲ့​အချိန်မှာ ကျမတို့​ နှစ်သစ်ကို စိတ်​အေး​အေး​ချမ်း​ချမ်း​၊​ လုံလုံခြုံခြုံနဲ့​ ပြည်သူပြည်သား​တွေကို ရင်ဆိုင်နိုင်​စေချင်တယ်။ ဒါ​ကြောင့်​ ကျမတို့​က ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​ကို ပထမ အ​ရေး​ကြီး​ဆုံး​ပဲလို့​ ​ပြောတာ ဖြစ်ပါတယ်။”

ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေပြင်ဆင်​ရေး​နဲ့​ ပတ်သက်ပြီး​ ဥပ​ဒေမှာပါတဲ့​ တိုင်း​ပြည်ကို အကျိုး​မပြုနိုင်မယ့်​ အချက်အလက်​တွေကို ပြည်သူလူထုအများ​စုရဲ့​ အမြင်နဲ့​ ညှိနှိုင်း​ပြီး​ ပြင်ဆင်နိုင်​အောင် ကြိုး​စား​မယ်လို့​လည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က ခုလို ​ပြောပါတယ်။

“ဖွဲ့​စည်း​အုပ်ချုပ်ပုံ အ​ခြေခံဥပ​ဒေမှာ ကျမတို့​ တိုင်း​ပြည်ကို အကျိုး​မပြုနိုင်မယ့်​ အချက်အလက်​တွေကို ပြင်သင့်​တာ​တွေ ပြင်ရမယ်လို့​ ကျမတို့​ စဉ်း​စား​ထား​ပါတယ်။ တဘက်က​နေ ပြန်ပြီး​ ကြည့်​လိုက်လို့​ရှိရင်လည်း​ တိုင်း​ပြည်အတွက် ပိုပြီး​ အကျိုး​ပြုနိုင်​အောင် ပြင်သင့်​တာ​တွေကို ပြင်ရမယ်လို့​ ကျမတို့​စိတ်ထား​တာ ဖြစ်ပါတယ်။ အဲဒီ​တော့​ တချို့​က ​မေး​ပါတယ်။ ဘာ​တွေကို ပြင်ဖို့​ စဉ်း​စား​ထား​လဲ။ ဘာ​တွေက တိုင်း​ပြည်ကို အကျိုး​မပြုဘူး​လို့​ ထင်သလဲ။ ဘယ်လို ပြင်ရင် တိုင်း​ပြည်အတွက် အကျိုး​ဖြစ်နိုင်မလဲလို့​ ​မေး​မြန်း​တဲ့​သူ​တွေ ရှိပါလိမ့်​မယ်။ အဲဒီအ​ဖြေ​တွေကို တ​ယောက်ချင်း​၊​ အဖွဲ့​တခုတည်း​က အ​ဖြေရှာလို့​ မဖြစ်ပါဘူး​။ ကျမတို့​ အမြင်ကို ပြည်သူလူထု အများ​စုရဲ့​ အမြင်နဲ့​ ညှိယူရမှာ ဖြစ်ပါတယ်။ ကျမတို့​ နိုင်ငံမှာ ရှိတဲ့​ အဖွဲ့​အသီး​သီး​၊​ အလွှာအသီး​သီး​ရဲ့​ အမြင်ကို ညှိယူရမှာ ဖြစ်ပါတယ်။ ဒီလို ညှိယူမှသာလျှင် တကယ့်​ကို ပြည်သူပြည်သား​အား​လုံး​က ယုံကြည်​လေး​စား​တဲ့​ အချက်အလက်​တွေဟာ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေမှာ ပါလာနိုင်တယ်လို့​ ကျမတို့​ ယုံကြည်ပါတယ်။”

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ၂၀၀၈ ဖွဲ့​စည်း​အုပ်ချုပ်ပုံ အ​ခြေခံဥပ​ဒေမှာ နိုင်ငံရဲ့​ အမျိုး​သား​နိုင်ငံ​ရေး​ ဦး​ဆောင်မှု အခန်း​ကဏ္ဍမှာ တပ်မ​တော်က ပါဝင်​ရေး​ဆိုတဲ့​ အ​ခြေခံမူ အပါအဝင် ဒီမိုက​ရေစီမကျတဲ့​ အချက်​တွေကို လက်မခံ​ကြောင်း​ အရင်က အတိအလင်း​ ​ကြေညာခဲ့​ဖူး​ပြီး​ ​ရွေး​ကောက်ပွဲ ဥပ​ဒေ​တွေကိုလည်း​ လက်မခံနိုင်လို့​ ၂၀၁၀ ​ရွေး​ကောက်ပွဲကို သပိတ် ​မှောက်ခဲ့​ဖူး​ပါတယ်။

ဒါ​ပေမယ့်​ ​ရွေး​ကောက်ပွဲဥပ​ဒေပါ အချက်တချို့​ကို အစိုး​ရက ပြန်လည် ပြင်ဆင်​ပေး​ခဲ့​ပြီး​နောက်မှာ အန်အယ်လ်ဒီက ပါတီမှတ်ပုံတင် ပြန်လည် ​လျှောက်ထား​ခဲ့​ပြီး​ ​ရွေး​ကောက်ပွဲ​တွေမှာ ပြန်လည် ဝင်​ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့​ ​ကြေညာထား​ပါတယ်။ ဒါ​ပေမယ့်​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ​ကော်မရှင်က​တော့​ လာမယ့်​ ဧပြီ ၁ ရက်​နေ့​မှာ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ကျင်း​ပမယ်လို့​ ​ကြေညာထား​ပေမယ့်​ အန်အယ်လ်ဒီပါတီကို​တော့​ ခုချိန်ထိ ပါတီမှတ်ပုံတင် ခွင့်​ပြုချက် ချ​ပေး​ခြင်း​ မရှိ​သေး​ပါဘူး​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013