Home
မြန်မာသတင်း
သင်္ကြန်ရုံးပိတ်ရက် ၅ ရက်အဖြစ် ပြင်ဆင်သတ်မှတ်
DVB
·
March 11, 2017
သင်္ကြန်ရုံးပိတ်ရက်တွေကို ၁၀ ရက်အစား ၅ရက်သို့ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း  နိုင်ငံတော်သမ္မတရုံးက မတ်လ၁၀ရက် ရက်စွဲနဲ့ အမိန့်ကြေညာစာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဧပြီလ ၁၃ ရက်ကနေ ၁၇ ရက်အထိ ၅ ရက်ကို သင်္ကြန်ရုံးပိတ်ရက်အဖြစ် ပြင်ဆင်သတ်မှတ်လိုက်တာဖြစ်ပြီး ကျန် ၅ ရက်ကို သီတင်းကျွတ်မှာ ၁ ရက်၊ တန်ဆောင်တိုင်မှာ ၁ ရက်နဲ့ နယူးရီးယားမှာ ၃ ရက် ဖြည့်တင်းပေးလိုက်တာ ဖြစ်ပါတယ်။ သမ္မတရုံးရဲ့ ကြေညာစာထဲမှာ သင်္ကြန်ရုံးပိတ်ရက်ရှည်လို့ နိုင်ငံတကာနဲ့ ဆက်သွယ် ဆောင်ရွက်ရာမှာ ရုံးလုပ်ငန်းတွေနဲ့ ဘဏ်လုပ်ငန်းများ အခက်အခဲ ဖြစ်ပေါ်လာတယ်။ ကုန်စည်စီးဆင်းမှုများ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်တဲ့အတွက် အခုလို သင်္ကြန်ပိတ်ရက် ပြင်ဆင်သတ်မှတ်တာလို့ ဖော်ပြပါရှိပါတယ်။ အစိုးရသစ်လက်ထက် သင်္ကြန်ရုံးပိတ်ရက် ပြင်ဆင်သတ်မှတ်တဲ့အပေါ် ဝေဖန်မှုတွေ ရှိသလို ကြိုဆိုသူတွေလည်း ရှိကြပါတယ်။ အခြေခံလူတန်းစား လက်လုပ်လက်စားတွေအတွက် သင်္ကြန် ၁၀ ရက် ပိတ်ရက်ရှည်ဟာ စားဝတ်နေရေးအတွက် အထူး အခက်တွေ့စေခဲ့ပါတယ်။ သီပေါအမတ်ဟောင်း ဦးရဲထွန်းကတော့ အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်ကို ကြိုဆိုလိုက်ပြီး အတိုက်အခံပါတီကတော့ ဒီကိစ္စ မုချ တိုက်ခိုက်လာမယ်လို့ ပြောပါတယ်။ “ကျနော်တော့ သဘောတူပါတယ်။ ဆက်တိုက်ရက်ရှည်အစိုးရရုံးတွေ ပိတ်ထားတာမျိုးက မဖြစ်သင့်သလို တခြားဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာလည်း ရှိမယ်မထင်ဘူး။ လျှော့လိုက်တဲ့ငါးရက်ကို ကချင်၊ ကယား၊ ရှမ်း၊ ရခိုင်၊ မွန် တို့ရဲ့နေ့ထူးနေ့မြတ်တရက်စီကို ရုံးပိတ်ရက် ၅ ရက်သတ်မှတ်ပေးသင့်တယ်။ ကရင်နှစ်သစ်ကူးနေ့ကတော့  ထူးထူးခြားခြား ရုံးပိတ်ရက်ဖြစ်နေပြီးသားဆိုတော့ မလိုတော့ဘူးပေါ့။ ဝန်ထမ်းတွေကတော့ ကြိုက်ကြမှာမဟုတ်လေတော့  ပြိုင်ဘက်ပါတီကနိုင်ငံရေး အရ တိုက်ခိုက်လာမှာကတော့ မုချဘဲ။” သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက်အဖြစ် နအဖ စစ်အစိုးရလက်ထက် ၂၀၀၇ ခုနှစ်ကတည်းက သတ်မှတ်ခဲ့တာဖြစ်ပြီး ၁၀ နှစ်အကြာမှာ အခုလို ပြင်ဆင်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024