ရွှေ့ပြောင်း အလုပ်သမားများထံမှ အိမ်ပြန်စရိတ်ကောက်ခံမည့်ကိစ္စ ရွှေ့ဆိုင်းရန်ရှိ
DVB
·
December 30, 2011
မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမားတွေဆီကနေ ထိုင်းအစိုးရက အိမ်ပြန်စရိတ် ရန်ပုံငွေ ကောက်ခံရေး အစီအစဉ် ဆက်မလုပ်ဘဲ ရပ်ထားဖို့ ရှိတယ်လို့ သိရပါတယ်။
နေရပ်ပြန် စရိတ် ရန်ပုံငွေ ကောက်ခံရေးအစီအစဉ်ကို ဆိုင်းငံ့ထားဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထိုင်းအစိုးရ ၀န်ကြီးများ အစည်းအဝေးမှာ ဇန်န၀ါရီ ၃ ရက်နေ့ တင်သွင်းမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အလုပ်သမားအိမ်ပြန်စရိတ်ရန်ပုံငွေဟာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေ အလုပ်ဗီဇာ သက်တမ်းကုန်လို့ မိမိနိုင်ငံပြန်သွားကြတဲ့အခါ ခရီးစရိတ် ထောက်ပံ့ပေးဖို့ အတွက် ရည်ရွယ်ပြီး အလုပ်သမားရေး ဌာနကတဆင့် အလုပ်သမားတယောက်ကို ၂၄၀၀ ဘတ် ကြိုတင်ကောက်ယူမယ့် အစီအစဉ် ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရဆီကို ၂၀၁၀ ခုနှစ် ဒီဇင်ဘာနဲ့ ၂၀၁၁ ဖေဖော်ဝါရီမှာ ကန့်ကွက်စာ နှစ်ကြိမ်တင်ခဲ့တဲ့ ထိုင်းရှေ့နေများကောင်စီက ဥက္ကဋ္ဌ မစ္စတာစူထိဖုန်း ကောင်ကျန်ထိက အခုလို ပြောပြပါတယ်။
“အမှန်က အလုပ်သမား ၀န်ကြီးဌာနကနေပြီး အလုပ်သမားတွေရဲ့ ပိုက်ဆံကို လိုချင်တာ ဖြစ်တယ်။ ရွှေ့ပြောင်း အလုပ်သမားတွေဟာ ဒီပိုက်ဆံကို သူတို့ အိမ်ပြန်စရိတ်အဖြစ် လာထုတ်ကြမှာ မဟုတ်ဘူး ဆိုတာကိုလည်း သိသိကြီးနဲ့။ ဒါပေမယ့် ခုတော့ ငွေကောက်ခံမယ့် ကိစ္စကို အစိုးရက ရွှေ့ဆိုင်းဖို့လုပ်နေပြီလေ။ ငွေကောက်ခံတယ်ဆိုတာနဲ့ ဥပဒေချိုးဖောက်မှု သွားဖြစ်မှာပဲ။ ဒါကို ကျနော် ကန့်ကွက်ထားခဲ့တယ်လေ။ ဒီငွေကောက်ခံတာကိုလုပ်တာနဲ့ သူထောင်ကျမှာပဲ။ ငွေသွားကောက်တဲ့ အမှုထမ်းတွေလည်း ထောင်ကျမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုကောက်ခံဖို့ ဥပဒေ။ သူတို့ကို အာဏာ ပေးမထားဘူးလေဗျာ။”
သူဟာ ထိုင်းနိုင်ငံ အခြေခံဥပဒေရေးဆွဲရေး ကော်မတီဝင်တဦးလည်း ဖြစ်တဲ့အတွက် အခြေခံဖွဲ့စည်းပုံဥပဒေနဲ့ မညီညွတ်တဲ့ ပုဒ်မတွေကို ထိထိရောက်ရောက် ကန့်ကွက်နိုင်သူတဦးလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT တာဝန်ခံ ဦးကျော်သောင်းကလည်း အလုပ်သမားတွေဆီက အိမ်ပြန်စရိတ်ကောက်မယ့် ထိုင်းအစိုးရရဲ့ အစီအစဉ်ကို ကန့်ကွက်တယ်လို့ ပြောပါတယ်။
“ဒီပိုက်ဆံဟာ ကျနော်တို့အပေါ်မှာ ခေါင်းပုံဖြတ်ခြင်း တမျိုးပဲ။ ဒါကြောင့်မို့ ဒီကိစ္စကို ကျနော်တို့ ကန့်ကွက်တယ်။”
၂၀၁၁ ဩဂုတ်လမှာ ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်သမားမှတ်ပုံတင် လုပ်ပေးခဲ့ရာမှာ ထိုင်းမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာအလုပ်သမား ၉ သိန်းကျော် ရှိပါတယ်။ ဒါပေမယ့် တရားဝင် မှတ်ပုံမတင်ဘဲ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားပေါင်း တသန်းလောက်ရှိမယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ခန့်မှန်းထားပါတယ်။