ပျောက်ဆုံး ရုရှားသူဟု ယူဆရသည့် အရိုးစုနှင့် အသားစများ ပင်လယ်အောက်တွင် တွေ့ရှိ (ရုပ်သံ)

1.2K
by dvburma ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ လွန်ခဲ့တဲ့ ၂ ပတ်ကျော်က ပျောက်ဆုံးနေတဲ့ ကမ္ဘာလှည့်ခရီးသည် ရုရှားမိန်းကလေးကို ကယ်ဆယ်ရေးဝန်ထမ်းတွေက လိုက်လံရှာဖွေနေရာ မတ်လ ၉ ရက် နေ့ခင်းပိုင်းမှာတော့ ပင်လယ်အောက်မှာ မိန်းကလေးရဲ့ ခန္ဓာအစိတ်အပိုင်းလို့ ယူဆရတဲ့ အသားနဲ့ အရိုးစုတွေ တွေ့ရတယ်လို့ ချန်နယ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ကယ်ဆယ်ရေး ရေငုပ်သမားတွေက အဲဒီအရိုးစုနဲ့ အသားစတွေကို ဂျေပီရီဆော့တ် (ဟိုတယ်) အရှေ့ ကမ်းခြေနဲ့ မီတာ ၄၀၀ အကွာရှိ ပင်လယ်ပြင်အောက် အနက် ၅ မီတာခန့်မှာ တွေ့ရှိခဲ့တယ်လို့ ဆူရတ်ဌာနီခရိုင် ရဲတပ်ဖွဲ့မှ ရဲမှူး အဘိချတ် ဘွန်းဆီလုတ်က သတင်းထောက်တွေကို ပြောပါတယ်။ အဲဒီနေရာနဲ့ မလှမ်းမကမ်းမှာလည်း အစိမ်းရောင်အင်္ကျီတထည်နဲ့ အနက်ရောင် ရေငုပ်မျက်မှန်တလက်ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရိုးစု၊ အသားစနဲ့ ပစ္စည်းတွေဟာ ပျောက်ဆုံးနေတဲ့ မိန်းကလေးနဲ့ သက်ဆိုင်တယ်လို့ ယူဆရပေမယ့်လည်း အတည်ပြုနိုင်ဖို့အတွက် ဒီကနေ့မှာ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဆေးရုံကို ပို့ဆောင်ပြီး မှုခင်းဆရာဝန်တွေရဲ့ စစ်ဆေးချက် ရယူဦးမှာဖြစ်တယ်လို့ ရဲမှူးက ပြောသွားပါတယ်။ အသက် ၂၃ နှစ်ရွယ် ရုရှားနိုင်ငံသူ Valentina Novozhennova ဟာ ခိုတောင်ကျွန်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က အလည်အပတ်ရောက်ခဲ့ပြီး သူတည်းခိုရာ ဟိုတယ်ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံ - ချန်နယ် ၇