Live
Home
သတင်းဓာတ်ပုံ
ရိုးရာနွားလှည်းများ မပျောက်ပျက်အောင် ထိန်းသိမ်းရန် ကလေးမြို့၌ လှည်းယာဉ်ပြိုင်ပွဲကျင်းပ (ဓာတ်ပုံ)
DVB
·
March 10, 2017
တောင်သူတွေ အသုံးပြုနေတဲ့ နွားတွေကဏ္ဍ မပျောက်ဆုံးရေးနဲ့ နွားတန်ဖိုးသိစေရေး ရည်ရွယ်ပြီး ကလေးမြို့ မြောက်ပိုင်း ကျောင်းတိုက်စံပြကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်ကနေ စတင်တဲ့ နွားနဲ့ နွားလှည်းယာဉ်ပြိုင်ပွဲတွေကို မတ်လ ၉ ရက်အထိ ၃ ရက်တိုင်တိုင် ကျင်းပခဲ့တယ်လို့ နွားပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင်တဦးက ဆိုပါတယ်။ ကျောင်းတိုက်စံပြကျေးရွာအနေနဲ့ နွားနဲ့ လှည်းယာဉ်ပြိုင်ပွဲကို ကျင်းပတာဟာ အခုအကြိမ်နဲ့ဆို ၅ ကြိမ်မြောက်ကျင်းပခဲ့တာဖြစ်ပြီး အခုပြိုင်ပွဲမှာ အကြီးတန်းနဲ့ အလတ်တန်း လှည်းယာဉ်ကြော့ အလှပြိုင်ပွဲ၊ အငယ်တန်း ကြိုးကြော့ပြိုင်ပွဲဆိုပြီး ပြိုင်ပွဲသုံးရပ် ကျင်းပခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ လှည်းယာဉ်ကြော့ ပထမဆုကို ပြည်တော်သာကျေးရွာနေ ကိုပါပီးက ဆွတ်ခူးရရှိခဲ့ပါတယ်။ ခုလို နွားနဲ့ လှည်းယာဉ်ပြိုင်ပွဲတွေကို ကလေးဒေသက ပြိုင်ပွဲဝင်တွေတင်မကဘဲ ကလေးနယ်နဲ့ ထိစပ်နေတဲ့ ဂန့်ဂေါနယ်က ကျေးရွာတွေကပါ လာရောက်ယှဉ်ပြိုင်ကြတာဖြစ်ပြီး နွားအရှဉ်းပေါင်း ၃၅ ရှဉ်းနဲ့ ကြိုးကြော့ တကောင်ချင်းအလှ ၇ ကောင်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခုလို ပွဲကျင်းပခြင်းကြောင့် မြန်မာ့ရိုးရာနွားလှည်းတွေ မပျောက်ပျက်အောင် ထိန်းသိမ်းရာလည်း ရောက်စေတယ်လို့ ပြိုင်ပွဲဝင်တဦးဖြစ်တဲ့ ကိုစိုင်းလင်းသူက ပြောပါတယ်။ ကလေးနယ် ကျောင်းတိုက်စံပြကျေးရွာအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ နှစ်စဉ်ပြိုင်ပွဲတွေ ကျင်းပခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ ဘဏ္ဍာရေးအခက်အခဲကြောင့် ပြိုင်ပွဲတနှစ် ရပ်နားခဲ့ပြီး အခုနှစ်မှာတော့ ကလေးဒေသခံ ကုမ္ပဏီတခုနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့ ကူညီမှုနဲ့ ငါးကြိမ်မြောက် ပြန်လည်ကျင်းပနိုင်တာဖြစ်ပြီး အခုလို ကျင်းပတာဟာ နွားဈေးကွက် နွားတန်ဖိုး မြှင့်တင်နိုင်ရေးအတွက်မှာလည်း အရေးပါနေတယ်လို့ ကော်မတီဝင်တဦးက ဆိုပါတယ်။ မင်းရဲစစ်နိုင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024