DVB Logo
Home
မြန်မာသတင်း
ပရဆေးပါ ဓာတုပစ္စည်းများကြောင့် ပေါက်ကွဲမှုပြင်းထန်
DVB
·
December 30, 2011
ပရဆေးပါ ဓာတုပစ္စည်းများကြောင့် ပေါက်ကွဲမှုပြင်းထန်
Donate to DVB

မနေ့က မင်္ဂလာတောင်ညွန့်မှာ​ ​ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု ပြင်းထန်ရတာဟာ  ပရဆေးဂိုဒေါင်ထဲ​ ​လှောင်ထားတဲ့ ဇ၀က်သာ၊ ယမ်းစိမ်းစတဲ့ ပစ္စည်းတွေထဲပါတဲ့ ဓာတုပစ္စည်းတွေကြောင့်လို့​​ ​ဓာ​တု​ဗေဒ ပညာရှင်တွေက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

[caption id="attachment_19392" align="alignleft" width="310" caption="DVB"][/caption]

ဂိုဒေါင်ထဲ လှောင်ထားတဲ့ထဲပါတဲ့ ဇ၀က်သာဟာ ဓာတုဗေဒ အခေါ် အမိုနီယမ်ကလိုရိုဒ်၊ ယမ်းစိမ်းက ဆိုဒီယမ်နိုက်ထရိတ်တို့ ဖြစ်ပြီး၊ အဲ့ဒီပစ္စည်းတွေဟာ​ ​ပေါက်ကွဲ​ ​စေတတ်တဲ့​ ​ဓာတုပစ္စည်းတွေ​ ​ဖြစ်တဲ့​ အကြောင်းနဲ့​ ​ပေါက်ကွဲမှု​ဖြစ်ပေါ်ခဲ့ပုံကို ရန်ကုန်တက္ကသိုလ်က  အငြိမ်းစား ဓာတုဗေဒ ပါမောက္ခ​ ​ဒေါက်တာ​ ခင်မောင်ညိုက​ ခုလို ပြောပြပါတယ်။

“ဇ၀က်သာက အမိုနီယမ်ဆိုတော့ ယမ်းစိမ်းက ဆိုဒီယံနိုက်ထရိတ်၊ ဒါတွေက ရေနဲ့ ပေါင်းသွားပြီးတော့ အပူတိုက်ရင် ပေါက်တာပဲ။ ကျနော်သိသလောက်က ဘေးက ဂိုဒေါင်မှာ လျှပ်စစ်ဝါယာလျှော့ဖြစ်တယ်။ လျှော့ဖြစ်တော့ မီးလောင်တော့ သူ့လည်း ဆက်လောင်တော့ ဘေးက မလောင်အောင် ရေဖြန်းတယ်။ ရေဖြန်းတော့ အဲဒီ အမိုနီယမ်ကလိုရိုဒ်ရော ဆိုဒီယံနိုက်ထရိတ်တွေရော အကုန်လုံးက စုပြီးတော့ အောက်ကို စီးဆင်းလာတယ်။ အဲဒီမီးနဲ့တွေ့တော့ ၀ုန်းဝုန်းနဲ့ အများကြီးပေါက်တာ။ တချက်တည်းမဟုတ်ဘူး။ အဲဒီနားမှာ ပေါက်နေတာ တော်တော်ကြာပြီးတော့မှ အကြီးကြီး ထပေါက်တာ။”

ဒီလိုပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို လူနေအိမ်ခြေတွေနဲ့ ဝေးတဲ့နေရာတွေမှာ တတ်သိနားလည်တဲ့ ပညာရှင်တွေဆီက အကြံဥာဏ်ရယူပြီး စနစ်တကျ သိုလှောင်သိမ်းဆည်းထားသင့်တယ်လို့လည်း ပြောပါတယ်။

ပေါက်ကွဲမှုဟာ ပရဆေးအိတ်တွေကို မီးလောင်ပြီး ဓာတ်ပြု ပေါက်ကွဲတာဖြစ်တယ်။ ပရဆေးဂိုဒေါင်ထဲမှာ ဇ၀က်သာ အိတ် ၄၀၀၊ ယမ်းစိမ်း ပိဿာ ၅၀ ၀င် အိတ် ၅၀ စတဲ့ ပစ္စည်းတွေရှိတယ်လို့ ဒီနေ့ထုတ် သတင်းစာတွေမှာလည်း ဖော်ပြထားပါတယ်။

အခု မီးလောင်ပေါက်ကွဲခဲ့တဲ့ ဂိုဒေါင်တွေဟာ စီးပွားကူးသန်းပိုင် ဂိုဒေါင်တွေလိုလို၊ စီးပွားရေး ဦးပိုင်ဂိုဒေါင်လိုလို ပြောနေကြပြီး အတိအကျ စုံစမ်းလို့ မရသေးပါဘူး။

အစိုးရ သတင်းစာထဲမှာလည်း ဘယ်ဂိုဒေါင်က စတင် လောင်ကျွမ်းတယ်၊ ဘယ်ဂိုဒေါင်မှာ ပရဆေးတွေထားတယ်၊ ယမ်းစိမ်း ပိဿာဘယ်လောက် သိုလှောင်ထားတယ်ဆိုတာသာ ရေးထားပြီး ဘယ်သူတွေ ပိုင်တယ်ဆိုတာမျိုးလည်း ရေးထားတာ မတွေ့ရပါဘူး။

ဒီအပေါ်မှာ သင်္ယန်းကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ခုလို မှတ်ချက်ပေးပြောဆိုပါတယ်။

“အခုဟာတော့ တချို့လုပ်ငန်းတွေမှာ ဒီမှာအစဉ်အဆက် ဖြစ်နေတာကတော့ အာဏာရှိတဲ့ အသိုင်းအ၀ိုင်းက လုပ်တဲ့ စက်ရုံတို့၊ အလုပ်ရုံတို့၊ ဂိုဒေါင်တို့ဆိုရင် စုံစမ်းမေးမြန်းခြင်း မပြုသလောက်ဘဲ။ အဲဒီတော့ ပွင့်လင်းမှု၊ တာဝန်ခံမှု မရှိတော့ အခုလို လူ့အသက်ပေါင်းများစွာ သေကျေပြီးတော့ လူပေါင်းများစွာ ဒဏ်ရာရတဲ့ စိတ်မသက်သာစရာ အကြောင်းအရင်းတွေကို ဖန်တီးခြင်းရဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။”

ဒီဇင်ဘာ ၂၉  ရက်က ဖြစ်ခဲ့တဲ့ မီးလောင်ပေါက်ကွဲမှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ပြီး ၈၃ ဦး ဒဏ်ရာရခဲ့တယ်လို့ အစိုးရသတင်းစာမှာ ဖော်ပြပြီး လူပေါင်း တထောင်ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013