ဝမ်းတွင်းမြို့နယ်တွင် ၅ နှစ်အောက်ကလေးများ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွား
DVB
·
March 9, 2017
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ အင်းယင်းကျေးရွာမှာ မတ်လ ၇ ရက်နေ့က ၅ နှစ်အောက် ကလေးငယ် ၅ ယောက် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ကလေး ၂ ယောက်ကတော့ ဖျားနာမှုပါ ဖြစ်ပွားခဲ့ပါတယ်။
ကလေးငယ်တွေ ၀မ်းပျက်ဝမ်းလျှောဖြစ်ပွားတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပညာပေး လုပ်ငန်းတွေကို မတ်လ ၇ နေ့က စတင်ပြီး ၉ ရက်နေ့ထိ မြို့နယ်ဆေးရုံအုပ် ဆရာဝန်ကြီးရဲ့ ကြီးကြပ်မှုနဲ့ လုပ်ဆောင်ပေးနေပါတယ်။
မြို့နယ်ဆေးရုံအုပ် ဆရာဝန်ကြီး ဒေါ်ထားထားက “ကလေးတွေ ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်လို့ နယ်မြေခံ ကျန်းမာရေးဆရာမက သတင်းပေးပေးချင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါတယ်း ကူးစက်ရောဂါ မဟုတ်ပါဘူး။ သန့်ရှင်းမှုအားနည်းလို့ ဖြစ်ရတာပါ”လို့ ပြောပါတယ်။
“၅ နှစ်အောက် ကလေး ၇ ယောက် ဖြစ်ပါတယ်။ ၂ ယောက်ကတော့ ဖျားနာတာပါ။ ကလေးအချို့ရဲ့ မိဘတွေက ထိုင်းသွား အလုပ်လုပ်နေကြတယ်။ ကလေးကို အဘိုး အဘွား အဒေါ်တွေက စောင့်ရှောက်ထားတယ်။ တကိုယ်ရေသန့်ရှင်းမှု အားနည်းလို့ ဖြစ်ရတာလေ။ အမျိုးသမီး ၅၃ ယောက်လောက်ကို ကျန်းမာရေးအသိပညာပေး လမ်းညွှန်လုပ်ဆောင် ပြသပေးတာကို ဒီနေ့အထိ လုပ်နေပါတယ်” လို့ မြို့နယ်ကျန်းမာရေးမှူးကြီး ဒေါ်ဝေဝေလွင်က ပြောပါတယ်။
အင်းယင်းအုပ်ချုပ်ရေးမှူး ဦးတင်လင်းဦးက “အခုတော့ ကလေးတွေ သက်သာနေပါပြီ၊ ထပ်မဖြစ်တော့ပါဘူး” လို့ ပြောပါတယ်။
ကျန်းမာရေး စောင့်ရှောက် ကွင်းဆင်းစစ်ဆေးမှုတွေကို နယ်မြေခံ ကျန်းမာရေးဆရာမများ ဒီနေ့ထိ ဆက်လက်လုပ်ဆောင်နေပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)