ဓာတုလက်နက်တွေကို အမျိုးအစားခွဲခြားတဲ့ နည်းလမ်းတခုကတော့ အဆိပ်ဓာတ် စွဲမြဲမှု Persistency ကာလအပိုင်းအခြားအရ ခွဲခြားတဲ့နည်း ဖြစ်ပါတယ်။
ပစ်ခတ်တိုက်ခိုက်ခံရတဲ့နေရာမှာ ရက်သတ္တပတ် တော်တော်ကြာတဲ့အထိ စွဲမြဲနေနိုင်တဲ့ ဓာတုပစ္စည်းမျိုးကို Persistent agent လို့ ခေါ်ပြီး နာရီပိုင်းအတွင်း ပျောက်ပြယ်သွားနိုင်တဲ့ အဆိပ်ကို Non-Persistent agent လို့ ခေါ်ပါတယ်။
Persistent agent အများစုဟာ အငွေ့ပျံမှုနည်းတဲ့ ဓာတုအဆိပ်ရည်/ဆီတွေဖြစ်ပြီး ဗုံးပေါက်ကွဲတဲ့အချိန်မှာ မြေပေါ်ကို အစက်အပေါက်တွေအဖြစ် ကျရောက် စွဲမြဲနေတတ်ပါတယ်။ တဖက်ရန်သူရဲ့ သွားလမ်းလာလမ်းတွေကို ကန့်သတ်ရာမှာ အသုံးတည့်ပေမယ့်လို့ အဆိပ်သင့်တဲ့ မြေနေရာဟာ နောက်ပိုင်း ထွန်ယက် စိုက်ပျိုးလို့ မရတဲ့အထိအောင် ထိခိုက် ပျက်စီးစေနိုင်တဲ့အတွက် ကိုယ့်မြေကိုယ့်ရေလို့ သဘောထားရမယ့် နေရာမှာ လုံးဝ မသုံးသင့်တဲ့ အဆိပ်လက်နက် အမျိုးအစားပါပဲ။
လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အစိုးရစစ်တပ်က ဓာတုလက်နက် အသုံးပြုခဲ့မယ်ဆိုရင်တော့ Non-Persistent agent တွေကိုပဲ အဓိက အားထားလိမ့်မယ်လို့ ယူဆရပါတယ်။ အဲဒီ ဓာတုပစ္စည်း အမျိုးအစားဟာ ပင်ကိုယ်က ဓာတ်ငွေ့ (သို့မဟုတ်) အငွေ့ပျံလွယ်တဲ့ အရည်တွေ၊ အမှုန်တွေဖြစ်ပြီး ဗုံးပေါက်ကွဲရာက ထွက်ပေါ်လာတဲ့ အဆိပ်မြူ၊ အဆိပ်ခိုးတွေဟာ သုံး-လေးနာရီ အတွင်း လွင့်ပြယ်သွားတတ်တာမို့ စခန်းသိမ်း/နေရာသိမ်း တိုက်ပွဲတွေမှာ အလွန် အသုံးတည့်သလို သဲလွန်စ မကျန်ရစ်တာကလည်း ရွေးချယ်စရာ အချက်တချက် ဖြစ်ပါလိမ့်မယ်။
အာရုံကြောကို ထိခိုက်စေတဲ့ ဓာတုပစ္စည်း Nerve agent အများစုဟာ Non-Persistent အမျိုးအစားဖြစ်ပြီး အသက်ရှူလမ်းကြောင်းက တဆင့် လူကို ဒုက္ခပေးနိုင်ပါတယ်။ ဝေဒနာလက္ခဏာအနေနဲ့ မျက်စိသူငယ်အိမ် ကျုံ့သွားခြင်း၊ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ ပုံမှန်မဟုတ်ဘဲ အရည်ဝမ်းများ အဆက်မပြတ် သွားခြင်း၊ ချွေးများသွန်ထွက်ခြင်း၊ ကြွက်တက်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ အာရုံမှားခြင်း၊ သတိလစ်ခြင်း စတာတွေကို တွေ့ရမှာဖြစ်ပြီး အဆုံးသတ်မှာတော့ အတိုက်ခိုက်ခံရသူဟာ အသက်ရှူ ကိုယ်အင်္ဂါအစိတ်အပိုင်းက ကြွက်သားတွေကိုပါ ထိန်းချုပ်မှုအာရုံ ကင်းမဲ့သွားတတ်တာမို့ အသက်ရှုရပ် သေဆုံးရလေ့ရှိပါတယ်။ Persistent အမျိုးအစား ဖြစ်နေမယ်ဆိုရင် အဆိပ်က ပိုမိုပြင်းထန်တဲ့အတွက် အရေပြားကို ထိတွေ့မိရုံလောက်နဲ့ သွေးထဲထိ စိမ့်ဝင် ဒုက္ခပေးပါတယ်။ ဓာတုလက်နက်နဲ့ အတိုက်ခိုက်ခံရပြီဆိုရင် ဓာတ်ငွေ့ကာ မျက်နှာဖုံးလောက်နဲ့တော့ မိမိကိုယ်ကို လုံခြုံစေမှာ မဟုတ်ပါဘူး။
တိုင်းပြည်ရဲ့ အဘက်ဘက်က ချွတ်ခြုံကျဆင်းရဲမှု၊ ခေတ်မမီမှုတွေကို သိမြင်ခံစားနေရတဲ့ သာမာန်ပြည်သူတယောက်က ဒီလိုလက်နက်မျိုးကို မြန်မာပြည်မှာ ထုတ်လုပ်နိုင်စွမ်း မရှိဘူးလို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ အမှန်တကယ်တော့ ဓာတုလက်နက်ဆိုတာဟာ အမေရိကား၊ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမဏီအစရှိတဲ့ စက်မှုထိပ်သီးနိုင်ငံတွေက ပထမကမ္ဘာစစ်မှာတင် တွင်တွင်ကျယ်ကျယ် ထုတ်လုပ်သုံးစွဲလာခဲ့ဖူးတဲ့ လက်နက်အမျိုးအစားဟောင်း တမျိုးပဲ ဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာ ထုတ်လုပ်ဖို့ဆိုရင် နောက်ဆုံးပေါ် နည်းပညာတွေ မရှိမဖြစ် မလိုအပ်တော့ပါဘူး။ ဒါ့အပြင် မြန်မာ့တပ်မတော်ဟာ ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်ကတည်းက ပုခုံးထမ်းလောင်ချာဒုံးကျည်၊ မော်တာဗုံးသီးစတဲ့ အလတ်စားခဲယမ်းတွေ ထုတ်လုပ်ပေးနိုင်တဲ့ ကပစ ၃ လို ခဲယမ်းစက်ရုံတွေ၊ ယမ်းမျိုးစုံချက်လုပ်တဲ့ ကပစ ၅ လို ဓာတုစက်ရုံတွေ ပိုင်ဆိုင်ပြီးသား ဖြစ်ပါတယ်။
ပြီးတော့ အဲဒီ စက်ရုံတွေမှာ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို အနှစ် ၃၀ လောက် တစိုက်မတ်မတ် လုပ်လာခဲ့တဲ့ ဝါရင့် စက်မှု၊ ဓာတု အင်ဂျင်နီယာတွေလည်း အလုံအလောက် ရှိပါတယ်။
အိပ်ချင်ယောင်ဆောင်ရင် လူနှိုးရခက်တယ်ဆိုတဲ့ စကားအတိုင်းပဲ မြန်မာနိုင်ငံမှာ စက်ရုံတွေ၊ ကျွမ်းကျင်လုပ်သားတွေ အဆင့်သင့်ရှိတယ် ဆိုဦးတော့ ဓာတုအဆိပ် ထုတ်လုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေကို ဘယ်ကရမှာလဲလို့ မေးလာမယ့်သူတွေ ရှိဦးမှာပါ။ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်ပိတ်ဆို့ ထားမှုတွေဟာ နျူကလီးယား ဒုံးကျည်ထိပ်ဖူးတွေ၊ တိုက်ချင်းပစ်ဒုံးပျံတွေ ဝယ်ယူ တင်သွင်းတဲ့ အပေါ်မှာသာ ထိရောက်မှု ရှိနိုင်ပါတယ်။ သာမန် စက်မှုကုန်ကြမ်း ပစ္စည်းလည်း ဖြစ်နိုင်တဲ့ ဓာတုအဆိပ်ပစ္စည်းတွေကို နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပိုင်ဆိုင်သူ အစိုးရတရပ်က အကြောင်းအမျိုးမျိုးပြပြီး အလွယ်တကူ ဝယ်လို့ရပါတယ်။
မြန်မာပြည်မှာ မှောင်ခိုကုန်သည်တွေ သန်းကြွယ်သူဌေး ဖြစ်လာရတာကလည်း အစိုးရက နိုင်ငံတကာ ပိတ်ပင်တားမြစ်ထားတဲ့ ပစ္စည်းတွေကို ခိုးကြောင်ခိုးဝှက် ဝယ်ယူနေလို့ပါပဲ။ တချို့တချို့သော ပစ္စည်းတွေဆိုရင် တရားဝင် ဝယ်လို့ရနိုင်ပါလျက်နဲ့ သက်စွန့်ဆံဖျား ခိုးသွင်းလာရသယောင်ယောင် အသံလွှင့်ပြီး ချိတ်ဆက်ပေးသူ ပွဲစားနဲ့ ပစ္စည်းမှာယူသူ အစိုးရအရာရှိကြီးတွေက နိုင်ငံတော်ကို လက်ဝါးချင်းရိုက် ဈေးတင် အမြတ်ထုတ်ကြပါတယ်။ နိုင်ငံတော်အမည်ခံ အစိုးရအဖွဲ့ဝင် လူကြီးတွေရဲ့ အဂတိလိုက်စားမှုတွေဟာ ဖုံးမရ ဖိမရအောင် အပုပ်နံ့တလှိုင်လှိုင် ထွက်နေလို့ အောက်ခြေဝန်ထမ်းတွေရဲ့ လေးစားယုံကြည်မှု ဆိုတာ စိုးစဉ်းမျှ မကျန်လောက်အောင်ပါပဲ။ အဆိုးရွားဆုံး သက်ရောက်မှု ရှိတာကတော့ အမိန့်နဲ့တာဝန်ကို အသက်ပေးယုံကြည်ရသူ တပ်မတော်သားတွေ အပေါ်ကိုသာလျှင် ဖြစ်ပါတယ်။ ထက်အောက် ယုံကြည်လေးစားမှု မရှိတဲ့ အချက်က တပ်မတော်ကို တိုက်ပွဲတရာတိုက်ရင် ရှုံးပွဲတရာ ဆင့်စေပါတယ်။
မဆလ/နအဖ စစ်အစိုးရ အဆက်ဆက်ဟာ တိုင်းပြည်နဲ့လူမျိုး အကျိုးရှိရာရှိကြောင်း ဘာတခုမှ လုပ်ဆောင်ခဲ့ဖူးခြင်း မရှိတဲ့အပြင် ကိုယ့်တိုင်းပြည်ကို ကိုယ်ပြန် ဂုတ်သွေးစုပ် ရှင်သန်နေတဲ့ ကပ်ပါးကောင် အဖွဲ့အစည်း သက်သက် ဖြစ်နေခဲ့တာ နှစ်ပေါင်း ၅၀ ကြာခဲ့ပါပြီ။ ရလဒ်ကတော့ တိုင်းပြည်က ချည့်နဲ့သထက် ချည့်နဲ့လာပြီး အဲဒီ တိုင်းပြည်ရဲ့ပြည်သူလူထု ရင်ခွင်ကြားကနေပဲ ရယူ သိမ်းသွင်းထားတဲ့ တပ်မတော်သားတွေ ကိုယ်တိုင်ပင်လျှင် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ခွန်အားသတ္တိ ကြံ့ခိုင်ပြည့်စုံမှု မရှိတော့တာကို တွေ့ရပါလိမ့်မယ်။ ဒါကလည်း အင်အား သိန်းချီရှိတဲ့ တပ်မတော်က ထောင်ဂဏန်း၊ သောင်းဂဏန်းရှိတဲ့ သူပုန်တွေကို ဓာတုလက်နက်အားကိုး နှိမ်နင်းရဖို့ လုံလောက်တဲ့ အကြောင်းရင်း တရပ် ဖြစ်လာစေခဲ့ပါတယ်။










