Home
မြန်မာသတင်း
ဘုန်းကြီးပျံ ဇာတ်ပွဲကြည့်နေစဉ် လူ ၂ ဦး သေနတ်ပစ်ခံရ
DVB
·
March 8, 2017
  မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် နဘူးအိုင်ကျေးရွာ ရွာလယ်ကျောင်းဆရာတော် ဈာပန ရွှေညီအကို ဇာတ်ပွဲကပြနေစဉ် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး မတ်လ ၆ ရက်နေ့က သေနတ်ပစ်ခတ်ခံရပါတယ်။ ပွဲဈေးတန်းမှာ သေနတ်သံကြားတဲ့အတွက် မြင်းခြံမြို့နယ် ကုက္ကဲရဲကင်းစခန်းက တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာ ပွဲဆေးတန်းအနောက်ဘက်မှာ သေနတ်ဒဏ်ရာနဲ့ လဲနေတဲ့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးကို တွေ့ရှိခဲ့တာပါ။  လဲကျနေတဲ့ ၁၀ ပေလောက်အကွာမှာတော့  ၉ မမ ကျည်ဆန်ခွံကို တွေ့ရှိခဲ့တာလို့ ရဲမှတ်တမ်းအရသိရပါတယ်။ သေနတ်ဒဏ်ရာ ရရှိတဲ့ အမျိုးသားကတော့  မြင်းခြံမြို့နယ် ပျားရွာနေ အသက် ၃၉ နှစ်အရွယ် ကိုဌေးလွင်နဲ့ နဘူးအိုင်ကျေးရွာနေ အသက် ၃၉ နှစ်အရွယ် မခိုင်ခိုင်ဝင်းတို့ ဖြစ်ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးကို အရေးပေါ်လူနာအဖြစ် ပို့ဆောင်ကုသခဲ့ရပါတယ်။ သေနတ်ကျည်ဆန်ဟာ ကိုဌေးလွင်ရဲ့ လက်ဝဲဘက်နားထင်မှ ညာဘက်ပါးပေါ် ပေါက်ခဲ့ပြီး သေနတ်ဒဏ်ရာရရှိတဲ့ အမျိုးသမီးတဦးဖြစ်တဲ့ မခိုင်ခိုင်ဝင်း ရဲ့ လက်ဝဲဘက် ဗိုက်ကို ရှပ်ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေကို မြင်းခြံမြို့မှ အဖြူရောင်လက်များပရဟိတ အသင်းကားနဲ့ ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ သေနတ်ပစ်ခတ်မှု ဘာကြောင့် ဖြစ်ခဲ့တယ်ဆိုတာ မသိရသေးဘဲ တရားခံကို စုံစမ်းနေဆဲဖြစ်ပြီး သေနတ်ပစ်ခံရမှုနဲ့ ပတ်သက်ပြီး မြင်းခြံမြို့နယ် ဆီမီးခုံနယ်မြေ ရဲစခန်းက (ပ) ၂၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024