Home မြန်မာသတင်း မီးဘေးသင့်ပြည်သူများကို လှူဒါန်းသူ များပြား
မီးဘေးသင့်ပြည်သူများကို လှူဒါန်းသူ များပြား
fire27 မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်၊ ဂိုဒေါင်တွေ မီးလောင် ပေါက်ကွဲမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တဲ့ မီးဘေးသင့် ပြည်သူတွေကို သွားရောက် လှူဒါန်းသူတွေ အထူးများပြားတယ်လို့ သိရပါတယ်။
မီးဘေးသင့်ပြည်သူတွေကို နိုင်ငံရေးပါတီတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ဖောင်ဒေးရှင်းတွေ၊ ကုမ္ပဏီတွေနဲ့ စေတနာရှင်ပြည်သူတွေက သွာရောက် လှူဒါန်းကြပြီး လှူဒါန်းသူတွေဟာ ဒုက္ခသည်စခန်းနဲ့ အပြည့်ပဲလို့ နာရေး ကူညီမှုအသင်း(ရန်ကုန်)က ဒေါ်ရွှေဇီးကွက်က ခုလို ပြောပါတယ်။
“ကယ်ဆယ်ရေး စခန်းမှာက လှူတဲ့လူတွေ တော်တော်များပါတယ်။ ပစ္စည်းတွေက လှူတဲ့လူတွေများတော့ ပစ္စည်းတွေများနေလို့ဆိုပြီး ကျမတို့ ကျောင်းတကျောင်းကို သွားပြီးတော့ ပစ္စည်းပို့ခိုင်းတာပေါ့နော်။ ဒါပေမယ့် ကိုကျော်သူက သူကိုယ်တိုင်လည်း လှူချင်တယ်ဆိုတော့ အခုတော့ သူတို့ စီစဉ်ပေးမယ်တော့ ပြောနေတယ်။”
သူတို့အဖွဲ့အနေနဲ့ မီးလောင်မှုအတွင်း ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက် ကုသနေကြရတဲ့ လူနာတွေကို သွားရောက်ကူညီ လှူဒါန်းခဲ့တဲ့အကြောင်းကို ခုလို ပြောပါတယ်။
“ကျမတို့က နေ့လယ်တုန်းကတော့ ကျမတို့ ဆေးရုံကြီးမှာပေါ့နော် လူနာအားလုံး ၆၀ ကျော် ၇၀ လောက်ရှိတယ်။ တယောက်ကို ငွေတသောင်း ကိုယ်ထိလက်ရောက် လှူခွင့် ရခဲ့ပါတယ်။ ပြီးတော့ ဆေးရုံအုပ်ကြီးဆီကိုလည်း ဆေး ၅ သိန်းဖိုးလောက် လှူခဲ့ပါတယ်။”
မီးဘေးသင့်သူတွေကို မဟာဝိဇယ ဘုန်းကြီးကျောင်းနဲ့ အနီးအနားရှိ အ.မ.က ၂၀ နဲ့ ၂၄ တွေမှာ လောလောဆယ် နေရာချထားပေးပြီး လာရောက် လှူဒါန်းသူတွေရဲ့ အလှူပစ္စည်းတွေကြောင့် စားဖို့ မပူရဘဲ အိမ်နေရာအတွက်သာ ပူပန်နေရကြောင်း သိရပါတယ်။
မီးဘေးသင့်သူအများစုဟာ မီးလောင်ပေါက်ကွဲတဲ့ ဂိုဒေါင်တွေအနီးနားရှိ ကူးတို့ဆိပ်ရပ်ကွက်နေ ပြည်သူအများစုဖြစ်ပြီး စုစုပေါင်း ၈၀၀ လောက် ရှိပါတယ်။
ဆက်စပ်သတင်းများ