Homeမြန်မာသတင်း
ခွဲခြားဆက်ဆံခြင်းများမလုပ်ရန် အိပ်ခ်ျအိုင်ဗွီကြောင့် ထိခိုက်ခံစားနေရသော အုပ်စုများ တောင်းဆို
ခွဲခြားဆက်ဆံခြင်းများမလုပ်ရန် အိပ်ခ်ျအိုင်ဗွီကြောင့် ထိခိုက်ခံစားနေရသော အုပ်စုများ တောင်းဆို
ပိုင်စိုး
·
March 7, 2017
အိပ်ခ်ျအိုင်ဗွီကြောင့် ထိခိုက်ခံစားနေရတဲ့ အုပ်စုတွေက သူတို့ကို ခွဲခြား နှိမ်ချ ဆက်ဆံမှုတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ခွဲခြားဆက်ဆံတာတွေကြောင့် အိပ်ခ်ျအိုင်ဗွီကြောင့် ထိခိုက်ခံစားနေရသူတွေကို ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် တခြားကိစ္စတွေမှာပါ အခက်အခဲဖြစ်စေလို့ မခွဲခြားကြဖို့ ပြောပါတယ်။
ခွဲခြားနှိမ်ချဆက်ဆံမှု ပပျောက်ရေးနေ့ အခမ်းအနားတစ်ခုကိုလည်း မတ်လ ၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ “ခွဲခြားမှုတွေ ရပ်တန့်ဖို့ အသံပြုကြစို့” ဖြစ်ပါတယ်။ ခွဲခြားဆက်ဆံ အခံရဆုံး အုပ်စုကတော့ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူတွေပါ။
မြန်မာနိုင်ငံ အိပ်ခ်ျအိုင်ဗွီဖြင့်နေထိုင်သူများအသင်း ဥက္ကဋ္ဌ ကိုသော်တာထွန်းက “ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက် ခံထားရသူကို တွေ့ရင် ဖြစ်မှာပေါ့ သူက ဘယ်လိုနေတာကိုး၊ ဘာလုပ်တာကိုး ဆိုတဲ့ အမြင်နဲ့ ကြည့်ကြတယ်။ အဲလို ခွဲခြားမှုကြောင့် တချို့ဆို သတ်သေတဲ့အထိ ဖြစ်ကြတယ်” လို့ ပြောပါတယ်။
လိင်ကွဲပြားတာနဲ့ လိင်စိတ်ခံယူတာမတူတဲ့အပေါ်၊ ကျန်းမာရေးအခြေအနေအပေါ်နဲ့ တခြား ဘယ်လို အကြောင်းပြချက်တွေကြောင့်မှ ခွဲခြားဆက်ဆံတာ မလုပ်ဖို့ သူတို့က ပြောပါတယ်။
“ ဘာကြောင့် ဖြစ်တယ်ဆိုတာထက် သူ့ကို ဘယ်လို ကူညီပံ့ပိုးပြီး ကျန်းမာရေး စောင့်ရှောက်မှုရအောင် စဉ်းစား စေချင်တယ်” လို့လည်း ကိုသော်တာထွန်းက ပြောပါတယ်။
အမျိုးသမီး လိင်လုပ်သားတွေကတော့ ခွဲခြားဆက်ဆံခံရလို့ နစ်နာတာတွေကို ထုတ်ဖော်ပြောဖို့ ခက်ခဲနေတာပါ။
အမျိုးသမီးလိင်လုပ်သားတစ်ယောက်က “ ဘာသာရေး၊ လူမှုရေးတွေနဲ့ ခွဲခြားခံရတယ်။ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဆိုတဲ့ ဥပဒေပဲရှိတယ်။ ကျွန်မတို့ကို ကာကွယ်ပေးမယ့် ဥပေဒ မရှိဘူး” လို့ ပြောပါတယ်။
ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုတွေ တပြေးညီရဖို့၊ အတင်းအကျပ်သွေးစစ်တာမျိုး မရှိဖို့၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ သာတူညီမျှဖြစ်ဖို့ ဥပဒေ၊ စီမံကိန်းတွေ ရေးဆွဲရင် ထိခိုက်ခံစားနေရတဲ့ လူထုကို ပါဝင်စေဖို့ကိုလည်း သူတို့က တောင်းဆိုပါတယ်။
“ ခွဲခြားမှုတွေ မရှိတဲ့ ဥပဒေ ရှိလာရင် ကျန်းမာရေးစောင့်ရှောက်တာတွေ ပိုရလာမယ်။ အိပ်ခ်ျအိုင်ဗွီ ကူးစက်နှုန်းလည်း လျော့သွားမယ်။ ခွဲခြားမှု မရှိဖို့ကတော့ ကျွန်မတို့ အလိုချင်ဆုံးဆုလာဘ်ပဲ” လို့ အမျိုးသမီး လိင်လုပ်သားတစ်ယောက်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီနဲ့ နေထိုင်သူ ၂ သိန်းကျော်ရှိတယ်လို့ UNAIDS က ခန့်မှန်း ထုတ်ပြန်ထားပါတယ်။