DVB Logo
Home
မြန်မာသတင်း
မြန်မာလူနာများအတွက် မဲဆောက်တွင် ဆေးရုံအသစ် ဆောက်မည်
DVB
·
December 29, 2011
Donate to DVB

မြ၀တီတဘက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာလူနာတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ ဆေးရုံသစ်တခု တည်ဆောက်မယ်လို့ မဲဆောက်မြို့တော်ဝန်ရုံးက ပြောပါတယ်။

မဲဆောက်မြို့တော်ဝန်ဌာန အတွင်းရေးမှူးက “မြူနီစီပယ်ဧရိယာထဲမှာ ထိုင်းတွေရော နိုင်ခြားသားတွေရော အထူးသဖြင့် မြန်မာနိုင်ငံသားလူနာဆိုရင် တနေ့ အယောက် ၅၀၀ ထက်မနည်းဘူးဗျ။ အတော်လေးကိုများတယ်။ အဲဒီတော့ နေ့စဉ်ရောက်လာတဲ့ လူနာတွေကို လက်ခံစစ်ဆေးကုသဖို့က မဲဆောက်ဆေးရုံတခုနဲ့ မလုံလောက်ဘူး။ ဒါကြောင့် ကျနော်တို့ ဆေးရုံအသစ် တည်ဆောက်ဖွင့်လှစ်ဖို့ စီမံကိန်းချထားတာပါ။ ဒီစီမံကိန်း အမြန်ဆုံးအောင်မြင်ဖို့ ကျနော်တို့ အရှိန်မြှင့် ကြိုးစားနေပါတယ်။ ဆေးဝါး ကုသမှုပေးဖို့ ဆိုတာက အချိန်ဆွဲလို့ မရဘူး” လို့ ပြောပါတယ်။

ဒီအစီအစဉ်ကို  ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက မဲဆောက်မြို့နယ်ဆေးရုံ တိုးချဲ့ဆောင်ဖွင့်ပွဲ လာတက်ရောက်တဲ့ ထိုင်းဝန်ကြီးချုပ် ယင်လတ်နဲ့အတူ ကျန်းမာရေး ၀န်ကြီးတို့ကိုလည်း တင်ပြခဲ့တဲ့အတွက်  အစိုးရတာဝန်ရှိသူတွေအနေနဲ့ ဆေးရုံတရုံ ထပ်ဆောက်ဖို့ လိုအပ်ကြောင်း သိရှိသွားတယ်လို့ မြို့တော်ဝန်ရုံး တာဝန်ရှိသူက ပြောပါတယ်။

ခုလို ထိုင်းအစိုးရက မြန်မာတွေအတွက် ဆေးရုံသစ်ဆောက်မယ့် အစီအစဉ်ကို  မြန်မာပြည်သားတွေကို လူမှုရေးကူညီပေးနေတဲ့ JACBA ခေါ် မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ တာဝန်ခံ ကိုမိုးကြိုးက ကြိုဆိုတယ်လို့  ပြောပါတယ်။

“မဲဆောက်ဆေးရုံကြီးမှာ လူနာဆောင်တွေ တိုးချဲ့ ဆောက်လုပ်နေပေမယ့် နေရာ မလုံလောက်တာက တချက်။ နောက်ပြီးတော့ အိမ်နီးချင်း မြန်မာနိုင်ငံက ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့အတွက် ဆေးရုံထပ်ရှိတာက ကောင်းတာပေါ့ဗျာ။ မဟုတ်ရင် ကျေးလက်ကျန်းမာရေးဌာန တွေကိုပဲ အားကိုးနေရတယ်။”

မဲဆောက်မြို့ နယ်မှာ  မြန်မာပြည်သားအလုပ်သမား ၂ သိန်းကျော်နဲ့ အနီးအနားက မြို့နယ် ၆ ခုလုံး ပေါင်းလိုက်ရင် ၄ သိန်းကျော် ရှိမယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ခန့်မှန်းထားပါတယ်။

မဲဆောက်မှာ နေထိုင်နေတဲ့ မြန်မာတွေသာမက မြ၀တီမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေပါ မဲဆောက်မြို့နယ် ဆေးရုံကြီးနဲ့ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းမှာပါ နေ့စဉ်လိုလို လာရောက် ဆေးကုသမှု ခံယူနေရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013