DVB Logo
Home
မြန်မာသတင်း
ဖားကန့်  ရေမဆေးကျောက်သမားများ ဖမ်းဆီးခံရ
DVB
·
December 29, 2011
ဖားကန့်  ရေမဆေးကျောက်သမားများ ဖမ်းဆီးခံရ
Donate to DVB

ကချင်ပြည်နယ် ဖားကန့်​ ​ကျောက်တွင်းဘက်မှာ ကျောက်တူးသမားတွေကို အာဏာပိုင်​တွေက လိုက်လံ​ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ​ ​ဝေခါမှော်သစ်ကုန်း​ ​ကျောက်စိမ်းတွင်းမှာ​ ​မြန်မာတကောင်း ကုမ္ပဏီခေါ် ဟုန်ပန်း​ ကုမ္ပဏီရဲ့ ကျောက်တူးဖော်ရေး လုပ်ကွက်က စွန့်ပစ်​ ​မြေစာပုံထဲကနေ အဖိုးတန်​​ ​ကျောက်တလုံးကို​ ​ရေမဆေး ကျောက်ရှာသမားတွေက ရှာဖွေရရှိသွားတာကို ကုမ္ပဏီက နယ်မြေခံ စစ်တပ်နဲ့ပေါင်းပြီး လာရောက် သိမ်းသွားရာက ပြဿနာ စတင်တဲ့အ​ကြောင်း​ ​ဒေသခံ ကျောက်ကုန်သည်တဦးက ပြောပါတယ်။

“ကျောက်စိမ်း​ သိမ်းသွားတော့ မကျေနပ်တဲ့​ အခါကျတော့ အဲဒီအဖွဲ့တွေက မြန်မာတကောင်း ကုမ္ပဏီ ခြံဝင်းထဲ တံခါးတွေ​ ဖျက်ဝင်ပြီး ကျောက်ဂိုဒေါင်တွေ ဖျက်ပြီးမှ ကျောက်တွေဝင်လု၊ ကုမ္ပဏီဝန်ထမ်းတွေလည်း အကုန်ရိုက် မောင်းထုတ်လိုက်တော့ ပြဿနာဖြစ်တာ။ စစ်တပ်နဲ့ ရဲတွေ ရောက်လာပြီး အဲဒီနေ့ကနေ စဖမ်းတာ ဒီမနက်အထိ အားလုံး ၈ဝ ကျော်သွားပြီ။ မြင်မြင်သမျှ ရေမဆေးသမားတွေကို အကုန်လိုက်ဖမ်းတာပေါ့။ ​ဝေခါမှော်သစ်ကုန်း တမှော်လုံး တယောက်မှ မရှိတော့ဘူး ပြောတယ်။”

ဖားကန့် ကျောက်တွင်းတွေမှာ ငွေကြေး စိုက်ထုတ်ထားနိုင်တဲ့ လုပ်ငန်းရှင်တွေက ရေမဆေးသမားတွေကို ကျောက်ရှာတဲ့ ပစ္စည်းကိရိယာနဲ့​ ​နေထိုင်စားသောက် စရိတ်ပေးကာ ရေမဆေးကျောက် ရှာဖွေစေပြီး ရလာတဲ့ ကျောက်ကို အချိုးကျ ပြန်လည်​ ခွဲဝေကြတာပါ။

မြန်မာတကောင်းကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံက ရရှိလာတဲ့ အဖိုးတန် ကျောက်စိမ်းတုံးကို လူ ၄ဝ လောက်နဲ့ စုဖွဲ့ထားတဲ့ ရေမဆေးသမားအုပ်စုက ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပြီး အရောင်းအဝယ်​ ​ပြုလုပ်ဖို့ ဆောင်ရွက်နေတုန်း ကုမ္ပဏီက သိရှိသွားလို့ ကျောက်ကို လာသိမ်းယူသွားရာက ပြဿနာ​ စဖြစ်ခဲ့တာပါ။

ရေမဆေး ကျောက်ရှာသမားတွေ အပါအ၀င် သူတို့ရဲ့ လောပန်း သူဌေးကိုလည်း ဖားကန့်ရဲစခန်းက ဖမ်းဆီးထားတယ်လို့ ဒေသခံ ကျောက်ကုန်သည်က ပြောပါတယ်။

“သိန်း ၂၀၀၀ ဈေးပေးထားပြီးသား၊ ဈေးဆိုင်ထားပြီးတာကို ကုမ္ပဏီက အဲလောက်တန်တဲ့ဟာက အပြင်ရောက်သွားတယ်ဆိုပြီး စစ်တပ်နဲ့ ပေါင်းပြီး လာသိမ်းသွားတာ။ အဲဒီကျောက်က ဘယ်တုန်းကရတာ မသိဘူး။ ဒါပေမယ့် ခရစ္စမတ်နေ့မှာ ကုမ္ပဏီက လာသိမ်းသွားတာ။ အိမ်ပိုင်ရှင် လောပန်းကိုလည်း အချုပ်ထဲ ထည့်ထားတယ်။”

ကျောက်တူးကုမ္ပဏီတွေဟာ သူတို့ ရဲ့ လုပ်ကွက် ခြံဝင်းအတွင်း ကျောက်တွေ ရှာဖွေပြီးမှ စွန့်ပစ်လိုက်တဲ့ မြေစာပုံတွေမှာ ရေမဆေးသမားတွေက ကျောက်ကို ရှာကြရတာဖြစ်ပြီး  အခုလို အဖိုးတန်ကျောက် တွေ့ရှိတဲ့အခါမှ  ပြန်လည် သိမ်းယူတဲ့အပေါ် ရေမဆေးသမားတွေက မကျေမနပ် ဖြစ်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013