ကိုးကန့်ယာဉ်ထိန်းရဲ ၅ ဦးသေဆုံး ၄ ဦးအား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်

လောက်ကိုင်မြို့ကို MNDAAလက်နက်ကိုအဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ကိုးကန့်ယာဉ်ထိန်းရဲ ၅ ဦး၊ ပြည်သူ ၅ ဦးအပါအ၀င် သေဆုံးကြောင်းနဲ့ ကိုးကန့် ယာဉ်ထိန်းရဲ ၄ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ MNDAA လက်နက်ကိုင်အဖွဲ့တွေဟာ မတ်လ ၆ ရက် မနက် ၂ နာရီလောက်မှာ လောက်ကိုင်မြို့ အရှေ့ဘက်က ဝင်ရောက်ပြီး အဆောက်အဦတွေ တပ်စခန်းတွေနဲ့ ရဲစခန်းတွေကို လက်နက်ကြီး/ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ပြီး လူနေအဆောက်အဦတွေ ဟိုတယ်တွေ ပျက်စီး၊ ကားမီးလောင်တာတွေဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ လောက်ကိုင်မြို့၊ ရန်လုံကျိုင်းရဲစခန်းကို မနက် ၂ နာရီမှာ MNDAA လက်နက်ကိုင်အဖွဲ့အင်အား ၃၀ ခန့်က ရဲဝတ်စုံတွေ ဝတ်ဆင်အယောင်ဆောင်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ သလို အင်အား ၅၀ ခန့် ဟာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးဝေဆန်းရဲ့ နေအိမ်ကို လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လောက်ကိုင်မြို့ရှိ ကျင်းတင်ဟိုတယ်ကို ဝင်ရောက်ပစ်ခတ်ပြီး ဟိုတယ်ရှိ မော်တော်ယာဉ် ၄ စီးအား မီးရှို့ဖျက်ဆီးခဲ့ကာ ဖူလီလိုက် ဟိုတယ် ငွေသိမ်းကောင်တာအား ဓားပြတိုက် လုယက်မှု ကျူးလွန်ပြီး မနက် ၅ နာရီ ၁၀ မိနစ်မှာ အရှေ့ဘက် နှစ်နိုင်ငံနယ်စပ် BP-127 ဘက်သို့ ဆုတ်ခွာသွားရာ တပ်မတော်စစ်ကြောင်းများကလည်း လိုက်လံရှင်းလင်းဆဲလို့ဆိုပါတယ်။ MNDAA လက်နက်ကိုင်အဖွဲ့ဟာ လောက်ကိုင်မြို့အား ဝင်ရောက်တိုက်ခိုက်မှု ပြုနေချိန်နဲ့ တပြိုင်တည်း နှစ်နိုင်ငံနယ်စပ် BP-125 နဲ့ BP-127 အကြားရှိ တပ်မတော်စခန်းတွေကို ဝင်ရောက် တိုက်ခိုက် တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ . တိုက်ခိုက်မှုကြောင့် အ.မ.က (လောင်အဲချီ) မှ မူလတန်းပြ ဆရာမ ဒေါ်ပြာမှီ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ အများအပြားရှိနေပြီး၊ မီးရှို့ထားသည့် အလောင်း ၂၀ အပါအဝင် လက်နက် ၁၀ လက်ခန့် ရရှိထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up